မင်းတုန်းမြို့နယ်မှာ အထောက်အထားမဲ့ဝင်လာသူ ၃၇ဦးတွေ့ရှိ

နိုဝင်ဘာ ၁၄-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ဇွန်းကျကျေးရွာအနီးမှာ နိုင်ငံသားအထောက်အထားမဲ့သူ(၃၇)ဦးကို မနေ့ နိုဝင်ဘာ ၁၃ရက် ညနေပိုင်းက တွေ့ရှိခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ ဇွန်းကျကျေးရွာကနေ သိရပါတယ်။

အထောက်အထားမဲ့သူတွေကို မဲဇလီကျေးရွာ စာသင်ကျောင်းမှာ ကွာရန်တင်းထားရှိပြီး မြို့နယ်ရဲတပ်ဖွဲ့နဲ့ လ.ဝ.ကတို့ပူးပေါင်းကာ စစ်ဆေးဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

”ရွာက ကလေးတွေဂိုင်းထောင်ထားတာလည်ရင်း သူတို့နဲ့သွားတိုးတာ၊ သူတို့က ထမင်းဆာတယ် ထမင်းကျွေးပါပေါ့၊ ဒီမှာထမင်းမရှိဘူး ရွာလိုက်ခဲ့ရင်တော့ရမယ်ဆိုလို့ သူတို့လိုက်လာတယ်၊ ရွာထဲတော့ အဝင်မခံဘူးပေါ့၊ ရွာနဲ့ တစ်ဖာလုံလောက်မှာ သူတို့ကိုထမင်းကျွေးပြီး အထက်သတင်းပို့ရတာပါ”လို့ ဇွန်းကျရွာခွဲအုပ်ချုပ်ရေးမှူး ဦးနိုင်ဦးကပြောပါတယ်။

ထွက်ပြေးလာကြတဲ့အထဲမှာ မင်းပြားမြို့နယ်ကမြန်မာကျောင်း ၄တန်းအောင်တဲ့အထိနေဘူးသူ ၁၄နှစ်အရွယ် မူဟာမတ်အက်ရဘန် ခေါ် မောင်သိန်းကျော်ပြောတာက”ရွာမှာက အစာရေစာပြတ်လပ်နေပြီ၊ ရခိုင်တွေနဲ့ရန်တိုက်ပေးနေတယ်၊ မလေးသွားဖို့လာတာပါ၊ သိန်း၄၀ပေးရပါတယ်၊ ပဲခူးတိုင်းရောက်ပြီဆိုပြီး ထားခဲ့တာပါ”လို့ ပြောပါတယ်။

အထောက်မထားမဲ့သူအများစုဟာ အသက်အရွယ်ငယ်သူတွေဖြစ်ပြီး တစ်နှစ်ခွဲအရွယ် ၊ ၁၂နှစ်၊ ၁၄နှစ်၊ ၁၈အရွယ်တွေဖြစ်ကာ အကြီးဆုံးအမျိုးသား အသက်၂၈နှစ်အရွယ် တစ်ဦးသာပါဝင်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီးမင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးအုန်းကျော်ပြောပြတာက”မနေ့က နေ့လယ်၂နာရီခွဲလောက်မှာ မှန်ကျေးရွာဥက္ကဋ္ဌ ဦးဝင်းဇော်ရဲ့သတင်းပို့ချက်အရ ဇွန်းကျကျေးရွာအနောက်တောင်ဘက်တောထဲမှာ အထောက်အထားမဲ့သူ၂၇ဦးတွေ့တယ်၊ အကြောင်းကြားလို့ ဒု-ရဲအုပ်မြတ်သိန်းထိုက်နဲ့နောက်ပါ ၄ဦးအရင်လိုက်သွားစေပြီး ကျနော်ကိုယ်တိုင် မှန်ကျေးရွာအထိလိုက်ပြီးကြီးကြပ်တယ်၊ ညနေ၆နာရီလောက်မှာ ခေါ်ဆောင်လာကြတော့ ထပ်တိုးနဲ့၃၇ဦးဖြစ်သွားတယ်၊ ရင်ခွင်ပိုက်အရွယ်အပါ မ(၈)ဦး၊ ကျား (၂၉)ဦး သူတို့ကို မဲဇလီကျေးရွာမှာ ကွာရန်တင်းထားတယ်၊ သူတို့ဝင်ထွက်ရာလမ်းကြောင်းလမ်းပြ အဲ့ဒါတွေစစ်ဆေးနေစဲပဲ”လို့ပြောပါတယ်။

သူတို့တွေကို မှန်ကျေးရွာနေပြည်သူအများစုက အဝတ်အထည်၊အစားအသောက်တွေ လှူဒါန်းကြပြီး ကွာရန်တင်းဝင်နေတဲ့ မဲဇလီကျေးရွာမှာလည်း တစ်အိမ်ကို ထမင်းတစ်ထုတ်ကောက်ခံကာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

သူတို့တွေဟာ တောထဲမှာစုဆောင်းထားရှိခံရတာ ၅လခန့်ကြာမြင့်ခဲ့ပြီး ဇွန်းကျကျေးရွာအနီးမှာ လမ်းပြက စွန့်ပစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဇွန်းကျကျေးရွာဟာ မြန်မာ့သစ်လုပ်ငန်းက ဆင်လုပ်သားတွေ အများစုနေထိုင်ရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။

သရက်ခရိုင်အတွင်း၊ ကံမမြို့နယ်မှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ရက်နေ့က အထောက်အထားမဲ့သူ ၂၈ဦးတွေ့ရှိခဲ့ပြီး မင်းလှမြို့နယ်မှာလည်း အထောက်အထားမဲ့သူတွေကို မကြာခဏတွေ့ရှိနေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်းတုန်း #အထောက်အထားမဲ့သူ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW