စစ်ကိုင်းမြို့မှာ ကိုဗစ်လူနာများလာတဲ့အတွက် အရေးကြီးနဲ့ ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားထောက်ခံစာ လုံးဝထုတ်မပေးတော့

နိုဝင်ဘာ ၁၅-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့ကနေ မန္တလေးမြို့ကိုသွားလာရာမှာ အရေးကြီးကိစ္စ နဲ့ ကျန်းမာရေးကိစ္စတွေကလွဲပြီး ခရီးသွားထောက်ခံစာကို လုံးဝထုတ်ပေးတော့ဘူးလို့ စစ်ကိုင်းမြို့ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းမြို့မှာ ကိုဗစ်ပိုးတွေ့လူနာများလာတဲ့အတွက် ခရီးသွားထောက်ခံစာတွေကို အရေးကြီးကိစ္စ နဲ့ ကျန်းမာရေးကိစ္စတွေမှအပ ထုတ်မပေးဖို့ မြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတဲ့အတွက် စီစစ်ထုတ်ပေးသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

”မနေ့ညက မြို့နယ်အုပ်ချုပ်ရေးမှူးက စကားပြောစက်နဲ့ တမြို့နယ်လုံးမှာရှိတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားတယ်။ ညွှန်ကြားတာလည်း ဘာလဲဆိုရင် လက်ရှိ စစ်ကိုင်းမြို့ရဲ့ အခြေအနေက ရပ်ကွက်အချို့နဲ့ ကျေးရွာတွေက မန္တလေးနဲ့ ထိစပ်မှုတွေ အရမ်းများပြီး ရောဂါကူးစက်မှုတွေက မြင့်တက်နေတယ်။ အဲ့ဒီမှာ တခုမှ မထိန်းချုပ်လိုက်ဘူးဆိုရင် ဒီထက်ဆိုးဝါးတဲ့အခြေအနေပေါ်ပေါက်ဖို့ အနေအထားက ရှိနေတာပေါ့။ မဖြစ်မနေသွားရမယ်သူတွေဆို ပေးရမှာပေါ့”လို့ ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းချိုကပြောပါတယ်။

စစ်ကိုင်းမြို့ကို လာရောက်မယ့် ခရီးသွားပြည်သူတွေကိုလည်း စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ပြီး ဧရာဝတီတံတား(ရတနာပုံ)အဆင်းရှိ COVID -19 ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ခရီးသွားထောက်ခံချက်ပါ၊မပါ စစ်ဆေးမှုတွေပြုလုပ်ပြီးမှ စစ်ကိုင်းမြို့အတွင်းဝင်ခွင့်ပြုထားတာဖြစ်ပါတယ်။

”စစ်ကိုင်းမှာ ကူးစက်မှုကများနေတော့ မလိုအပ်ဘဲ မန္တလေး -စစ်ကိုင်း နဲ့အခြားသွားလာတာတွေ ကျစ်လစ်သွားအောင် လုပ်ပေးတာပါ။ မထုတ်ပေးဘူးဆိုတာတော့ မဟုတ်ပါဘူး။ ခရီးသွားတဲ့လူတွေ တတ်နိုင်သလောက်လေး ကျစ်လစ်သွားအောင် အရေးမကြီးဘဲမသွားဖို့ပေါ့”လို့ မင်းကွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းက ပြောပါတယ်။

စစ်ကိုင်းမြို့ကနေ မန္တလေးမြို့ကို သွားလာဖို့အတွက် ခရီးသွားထောက်ခံစာ တောင်းခံရာမှာ အချို့ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေက ငွေကြေးတောင်းခံမှုတွေ ရှိတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြောဆိုနေကြတာလည်း ရှိပါတယ်။

စစ်ကိုင်းမြို့ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကူးစက်ခံရလို့ ဆေးကုသမှုခံယူခဲ့တဲ့ ပိုးတွေ့လူနာ ၅၈ ဦးထိရှိပြီး အဲ့ဒီထဲက ပိုးတွေ့ လူနာ ၂၈ ဦး မှာ ရောဂါသက်သာပျောက်ကင်းတဲ့အတွက် ဆေးရုံကနေဆင်းသွားကာ လက်ရှိ စစ်ကိုင်းမြို့ခုတင်၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ COVID -19 ပိုးတွေ့လူနာ ၃၀ ဦး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကိုဗစ် #ကျန်းမာရေးထောက်ခံစာ

Related posts

Leave a Comment

VOM News

FREE
VIEW