ကိုဗစ်ကာလ ထောက်ပံကြေးပေးတာ မမျှတတဲ့ကိစ္စ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဘာပြောလဲ

#NRPC

နေပြည်တော်- နိုဝင်ဘာ-၁၆-၂၀၂၀
တာတီး(VOM)

ကိုဗစ်ကာလမှာ ပြည်သူတွေအတွက် ထောက်ပံကြေးကို အစိုးရကပေးတာမှာ ရသူရ မရသူမရဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းမှာ ဆန္ဒပြမှုတွေ လူစုလူဝေးတွေဖြစ်ပေါ်ပြီး တချို့ဆိုရင် ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဖမ်းဆီးခံရမှုတွေရှိနေပါတယ်။ ဒီကိစ္စမှာ အမှန်တကယ်လိုအပ်သူတွေ မရဘဲဖြစ်နေတာကြောင့် အစိုးရအဖွဲ့အနေနဲ့ အောက်ခြေခြေအဆင့်ဆင့်ကို ဘယ်လို ညွှန်ကြားထားပါသလဲလို့ နေပြည်တော်သတင်းထောက်အဖွဲ့ကိုယ်စား RFA သတင်းဌာနက သမ္မတရုံပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးကြည့်တော့

“ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်က ထောက်ပံ့မှု ပေးတဲအခါ သတ်မှတ်ချက်မှာ ပုံစံအတိုင်း ဖြစ်ပါတယ်လို့ ဆိုပါတယ်”
အဲဒီပုံစံမှာ အမျိုးအစား ၁၀မျိုးခွဲထားပြီး ပျံကျဈေးသည်၊ကျပန်းလုပ်သား( ပန်းရံ၊လက်သမား၊ကုန်ထမ်း)၊ ပျိုးနုတ်၊ကောက်စိုက်၊ ခြံလုပ်သားစာရင်းငှား၊ အလုပ်ကြမ်းသမား၊ ရေလုပ်သား၊ အငှားယာဉ်မောင်း၊( ကား၊ဆိုင်ကယ်၊မြင်းလှည်း၊ သမ္ဗာန်၊ ကူးတို့)၊ တခြားပုံမှန်ဝင်ငွေမရှိသောအလုပ်သမား၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နေ့စားယာယီဝန်ထမ်းနဲ့ ကိုဗစ်ကြောင့်အလုပ်လက်မဲ့ဖြစ်သူဆိုပြီး ခွဲထားတာကိုတွေ့ရပါတယ်။

အစိုးရက ပေးတဲ့ငွေကို အောက်ခြေရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ထိထိရောက်ရောက်ဆောင်ရွက်ရဲ့လား။ လဘ်စားမှုတွေ ရှိနေလား။ သမ္မတရုံးက ဘယ်လို ကိုင်တွယ်နေပါသလဲလို့မေးတဲ့အပေါ်မှာတော့

အထက်မှာ ဖော်ပြထားတဲ့သတ်မှတ်ချက်တွေနဲ့အညီ စာရင်းပြုစုပြီး ထောက်ပံ့မှုတွေကို အောက်ပါအတိုင်း ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်-
(က) ပထမအကြိမ် ။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် ဇွန်လ၊ အိမ်ထောင်စုစုစုပေါင်း (၅.၄)သန်းခန့်၊ ကျပ်(၇၂)ဘီလီယံ။
(ခ) ဒုတိယအကြိမ် ။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လ၊ အိမ်ထောင်စုစုစုပေါင်း (၅.၄)သန်းခန့်၊ ကျပ်(၂၁၈.၃)ဘီလီယံ။
(ဂ) တတိယအကြိမ် ။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၊ အိမ်ထောင်စုစုစုပေါင်း (၅.၇)သန်းခန့်၊ ကျပ်(၁၁၃.၉)ဘီလီယံ။
(ဃ) စတုတ္ထအကြိမ် ။ ယခု ပေးအပ်နေတဲ့ ထောက်ပံ့မှု၊ အိမ်ထောင်စုပေါင်း (၆.၁)သန်းခန့်အတွက် ကျပ် (၁၆၄)ဘီလီယံ ပေးအပ်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ (Stay at Home နယ်မြေဒေသတွေဆိုရင် ကျပ် ၄၀၀၀၀ နှုန်းနဲ့ အိမ်ထောင်စုပေါင်း (၂.၁)သန်းခန့် ဖြစ်ပြီး Stay at Home ပြင်ပ နယ်မြေဒေသတွေဆိုရင် ကျပ် ၂၀၀၀၀ နှုန်းနဲ့ အိမ်ထောင်စုပေါင်း (၄)သန်းခန့် ဖြစ်ပါတယ်လို့ ဖြေပါတယ်။

နောက်တိုးစာရင်းဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကကောက် ပြီးတော့ လူများလို့ဆိုပြီး ပြန်လျှော့တာတွေရှိနေတယ်လို့လည်း အုပ်ချုပ်ရေးမှူးတွေက ပြောတယ်။ အဲ့ဒါတွေကရော ဘယ်လိုကြောင့်ဖြစ်တာပါလဲလို့မေးတဲ့အခါမှာတော့

မူလကတည်းက နယ်မြေဒေသအလိုက် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကိုပဲ ထောက်ပံ့ခဲ့တာ ဖြစ်ပေမယ့် ယခု နောက်ဆုံး စတုတ္ထအကြိမ် ပေးအပ်ချိန်မှာ နေရာဒေသအချို့မှာ သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ မရရှိတာတွေ၊ မူလစာရင်းကောက်ယူချိန်မှာ မပြည့်စုံတာတွေ၊ အိမ်ထောင်စုတစ်စုစီတိုင်းကို ကျပ်လေးသောင်းပေးမယ် ဆိုတဲ့ ကောလဟာလတွေ ပြန့်နှံ့လာပြီး မူလစာရင်းမှာ မပါတဲ့သူတွေကပါ ထောက်ပံ့ကြေး ရယူဖို့ တောင်းဆိုလာတာတွေ စတဲ့ ပြည်သူနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေအကြား နားလည်မှုလွဲမှားတာတွေ ဖြစ်ပေါ်နေတာ တွေ့ရှိရပါတယ်။

လက်ရှိအခြေအနေမှာ ထောက်ပံ့မှုတွေ ပေးအပ်ရာမှာ ရာနှုန်းပြည့် (၁၀၀%) ပေးအပ်ပြီး ဖြစ်တဲ့ တိုင်းဒေသကြီး/ပြည်နယ် (၂)ခု (ကယား၊ တနင်္သာရီ)၊ ၈၀% ကျော် ပေးအပ်ပြီး ဖြစ်တဲ့တိုင်းဒေသကြီး/ပြည်နယ် (၃) ခု (ကချင်၊ ကရင်၊ ဧရာဝတီ)၊ ၇၀% ကျော် ပေးအပ်ပြီးဖြစ်တဲ့ တိုင်းဒေသကြီး/ပြည်နယ် (၆)ခု (နေပြည်တော်၊ ချင်း၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး)၊ ၆၅%ကျော် ပေးအပ်ပြီး ဖြစ်တဲ့ တိုင်းဒေသကြီး/ပြည်နယ် (၁)ခု (ရန်ကုန်)၊ ၅၀% အောက်ပဲ ပေးအပ်နိုင်သေးတဲ့ တိုင်းဒေသကြီး/ပြည်နယ်(၃)ခု (ရှမ်း၊ ရခိုင်၊ တနင်္သာရီ) တို့ ဖြစ်ကြောင်း သိရှိရပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ စာရင်းကောက်ယူတဲ့ကိစ္စ၊ အငြင်းပွားမှုတွေ၊ မကြေလည်မှုတွေနဲ့ ပတ်သက်လို့ –
(က) မြို့နယ်အဆင့် တိုင်ကြားမှု ဖြေရှင်းရေးဌာနတွေကို နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီးဖွင့်လှစ်ဖို့၊ ပြည်သူတွေ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်မယ့် ဖုန်းနံပတ်တွေကို ထုတ်ပြန်ပေးဖို့၊
(ခ) မြို့နယ်အဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးတာတွေကို ခရိုင်အဆင့်က အနီးကပ်ကြီးကြပ် ကူညီဖြေရှင်းဆောင်ရွက်ပေးဖို့၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အသီးသီးကို အချိန်နဲ့တစ်ပြေးညီ တင်ပြဖို့၊
(ဂ) ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို သက်ဆိုင်ရာ နယ်မြေဒေသအလိုက် သတင်းထုတ်ပြန် ရှင်းလင်းခြင်းတွေ ဆောင်ရွက်ဖို့
စတဲ့အချက်တွေကို ညွှန်ကြားထားကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

#voiceofmyanmar #VOM #အစိုးရထောက်ပံ့ကြေး #ဦးဇော်ဌေး

Related posts

Leave a Comment

VOM News

FREE
VIEW