နိုင်ငံတော်ထောက်ပံ့ငွေ ၄သောင်းကိစ္စနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရွာသား (၁၀)ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၁၆-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာမှာ နိုဝင်ဘာ ၁၄ရက်နေ့ ညပိုင်းက နိုင်ငံတော်ထောက်ပံ့ကြေး ငွေလေးသောင်းရလိုမှုနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရွာသား ၁၀ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ကျေးရွာဒေသခံတစ်ဦးက VOMကို ပြောပါတယ်။

“ကျွန်မကို အဲ့ဒီညက ရုံးက ဘာလာလုပ်တာလဲမေးတယ်၊ ကျွန်မက ထောက်ပံ့ကြေးကိစွလာမေးတာလို့ပြောတယ်။ ကျွန်တော်တို့ စာရင်းဇယားတွေလုပ်နေလို့ပါ ဆန္ဒတွေမစောပါနဲ့လို့ ပြောတယ်။ လာကောက်ပေးမယ် အိမ်မှာနေပါလို့ပြောတယ်။ အဲ့ဒီအချိန်မှာ လူစုလူဝေးထဲက ဒို့အရေးလို့ ထအော်လို့ ရဲတွေနဲ့ဖြစ်တာပါ”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး ရိုးကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးဦးကတော့”ဖမ်းခံရတာ ရွာသား ၁၀ဦး၊ ရှင်းရှင်းပြောရရင် ရွာသားမဟုတ်ဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေ၊ အဲ့ဒီညက လူ ၅ ရာလောက်ရုံးရှေ့မှာ လူစုလူဝေးလာလုပ်တယ်။ မေတ္တာရပ်ခံတယ် မရဘူး။ ဖမ်းခံရတာလည်း အခြားအကြောင်းကြောင့်မဟုတ်ဘူး။ လုံခြုံရေးရဲသေနတ်ကို ဝင်လုရင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အခုလိုအခြေအနေဖြစ်သွားတာ”လို့ VOMကို ပြောပါ
တယ်။

ရခိုင်ရိုးကြီးကျေးရွာအနေနဲ့ ထောက်ပံ့ကြေးငွေပေးအပ်ဖို့ စာရင်းကောက်ယူရာမှာ ရပ်မိရပ်ဖ ၊ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၊ပါတီဝင်တွေစုပေါင်းကာ ကောက်ယူခြင်းဖြစ်ပြီး တစ်ကြိမ်တစ်ခါမှ မရရှိဘူးတဲ့ အိမ်ထောင်စုများကိုသာ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရိုးကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးဦးကရှင်းပြပါတယ်။

ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအတွင်း အိမ်ထောင်စု (၁၈၀၀၀)ရှိရာ နိူင်ငံတော်ကရရှိတဲ့ ထောက်ပံ့ကြေးငွေမှာ အိမ်ထောင်စု (၁၉၀၀) အတွက် သိန်း၂၀၀၀ သာရရှိတယ်လို့ အုပ်ချုပ်ရေးမှူး ဦးသန်းဌေးဦးက VOMကို ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ်၊ အမှတ်-၆၅ရပ်ကွက်ရှိ ရပ်ကွက်နေသူ၂၀၀ ကျော်က ထောက်ပံ့ကြေးငွေ ၄ သောင်းမရရှိတဲ့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တိုင်ကြားခဲ့တယ်လို့ လိုက်လံကူညီပေးနေသူနိူင်ငံရေးအကျဉ်းသားဟောင်းကိုနောင်နောင်ကပြောပါတယ်။

လှိုင်သာယာအရှေပိုင်းမြို့နယ် ညောင်ကျေးရွာနဲ့ ဒိုင်စုကျေးရွာတို့မှာ နိုဝင်ဘာ ၁၅ရက်နေ့က ထောက်ပံ့ကြေးငွေ လေးသောင်းမရရှိလို့ လူစုလူဝေးဖြစ်ပေါ်ခဲ့ပေမယ့်လည်း အခုချိန်ထိ ထောက်ပံ့ငွေမရသေးဘူးလို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ထောက်ပံ့ကြေးငွေ ၄သောင်း မရရှိတဲ့ကိစ္စဟာ အင်းစိန်၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာဖြစ်နေတဲ့အပြင် အခြားမြို့နယ်တွေမှာလည်း ရပ်ကွက်နေပြည်သူနဲ့ အုပ်ချုပ်ရေးပိုင်း သဘောထားကွဲလွဲမှုတွေရှိနေတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ထောက်ပံ့ကြေး၄သောင်း

Related posts

Leave a Comment

VOM News

FREE
VIEW