ထိုင်းဆန္ဒပြသူတွေကို အရေးယူဖို့ ရှိသမျှဥပဒေအားလုံး အသုံးပြုတော့မယ်လို့ ဝန်ကြီးချုပ်ကြေညာ

ဘန်ကောက်၊ နိုဝင်ဘာ-၁၉-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းဝန်ကြီးချုပ်နှုတ်ထွက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးနဲ့ ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးတို့ကို တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေကို ကိုင်တွယ်ဖို့အတွက် ရှိသမျှဥပဒေအားလုံးကို အသုံးပြုသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုဝင်ဘာ ၁၉ ရက်မှာကြေညာလိုက်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်က ထိုင်းရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ အသုံးပြုဖြိုခွဲခဲ့တဲ့အတွက် ဆန္ဒပြသူဒါဇင်များစွာ ဒဏ်ရာရရှိခဲ့တာကို လက်တုံ့ပြန်သောအားဖြင့် ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်တစ်ခုကို ဆန္ဒပြသူတွေက သင်္ဘောဆေးတွေ ပက်ဖြန်းမှုပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ထိုင်းဝန်ကြီးချုပ်က အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ ပိုမိုများပြားလာနိုင်တဲ့ အနေအထားမှာ အခြေအနေဟာ တိုးတက်ကောင်းမွန်မှုမရှိကြောင်း၊ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘူးဆိုရင် နိုင်ငံနဲ့ အလေးအမြတ်ထားရတဲ့ ဘုရင်စနစ် ပျက်စီးသွားနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

ဥပဒေကိုချိုးဖောက်ပြီး ဆန္ဒပြသူတွေကို အရေးယူဖို့အတွက် ရှိသမျှဥပဒေအားလုံး၊ ပြဌာန်းချက်အားလုံးကို အသုံးပြုရေးအတွက် ထိုင်းအစိုးရက လုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။

အဲ့ဒီဥပဒေတွေထဲမှာ ဘုရင်စနစ်ကိုစော်ကားတာ တားမြစ်ထားတဲ့ ပုဒ်မ ၁၁၂ ပါဝင်ခြင်းရှိ၊မရှိ ရှင်းလင်းတိကျစွာ ဖော်ပြထားတာမရှိပါဘူး။ ဒီဥပဒေကို ထိုင်းဘုရင်ရဲ့ တောင်းဆိုချက်အရ အသုံးပြုခြင်းမရှိတော့ဘူးလို့ ဝန်ကြီးချုပ်ပရာယွတ်က အခုနှစ်အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW