ရန်ကုန်ကနေပြန်လာတဲ့ (၆)ဘီးယာဉ်တစ်စီး အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၁၁ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၂၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်-၁၄၆ အနီးမှာ ဒီကနေ့မနက်၂ နာရီခွဲခန့်က ရန်ကုန်ကနေ ပြန်လာသူတွေလိုက်ပါလာတဲ့ ၆ ဘီးယာဉ်တစ်စင်းနဲ့ ၂၂ဘီးယာဉ်တစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားရာ လူ ၁၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗောဓိကုန်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ စခန်းမှူး စန်းကိုကိုကပြောပါတယ်။

” သူတို့အားလုံးက ဆေးစစ်ချက်အဖြေ နက်ဂတစ်တွေချည်းပါ။ နတ်မောက်ကိုပြန်မယ်လို့သိရပြီး ရန်ကုန်ရွှေပြည်သာဘက်ကနေ ပြန်လာတာပါ။ နာရေးတစ်ခုသွားတယ်လို့ သိရပေမယ့် ဘယ်သူတွေသွားတာလည်း မသိရဘူး”လို့ ဗောဓိကုန်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ စခန်းမှူး စန်းကိုကိုကပြောပါတယ်။

အမြန်လမ်းအတိုင်း ရန်ကုန်ကနေ နေပြည်တော်ဘက်ကို ‌အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦးကမောင်းလာပြီး အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၁၃ ဦး လိုက်ပါလာတဲ့ ဆိုးဂျမ်းအမျိုးအစား ၆ ဘီးယာဉ်ဟာ အမြန်လမ်း မိုင်တိုင်-၁၄၆ အနီး လမ်းဘေးရပ်နားနေတဲ့ ၂၂ဘီးတွဲ ကုန်တင်ယာဉ်ကို ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ဇီးပင်သာအမြန်လမ်း ရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။

“၂၂ ဘီးယာဉ်ကို နောက်ကဝင်တိုက်မိတာပါ။ ရန်ကုန်တိုင်း၊ ရွှေပြည်သာကို နာရေးသွားကြပြီး အပြန်ဖြစ်တာလို့ ပြောတယ်။ ဆေးရုံတက်ရတာ ၁၁ ဦး ဆိုပေမယ့် မနက်ပိုင်းမှာ ဆင်းခွင့်ရသူ ၄ ဦးရှိတယ်”လို့ ဗောဓိကုန်း အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ဒု-ရဲမှူးအဆင့်ရှိသူတစ်ဦးကပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်လို့ ၆ဘီးယာဉ်မောင်းဖြစ်သူ အသက် ၃၇နှစ်အရွယ်အမျိုးသားကို ဇီးပင်သာအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ယာဉ်(ပ)၂၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉/၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့် စစ်ဆေး‌နေတယ်လို့ သိရပါတယ်။

Photo – အမြန်လမ်းမီးသတ်တပ်ဖွဲ့
#voiceofmyanmar #VOM #အမြန်လမ်း #ယာဉ်တိမ်းမှောက်

Related posts

Leave a Comment

VOM News

FREE
VIEW