ပြင်ဦးလွင်မြို့မှာ ကိုဗစ်အတည်ပြုလူနာတစ်ဦး ပထမဆုံးအကြိမ်သေဆုံး

ဒီဇင်ဘာ ၁-၂၀၂၀
ဟိန်းကို(VOM)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ရောဂါသီးသန့်ကုသဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၇၂နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးခဲ့တယ်လို့ ပြင်ဦးခရိုင်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

” လူနာနဲ့ ဆက်စပ်ထိတွေ့မှုရှိထားတဲ့ ပိုးတွေ့လူနာအိမ်က မိသားစုတွေ ၊ အောင်သုခဆေးခန်းက ကျန်းမာရေးဝန်ထမ်းတွေ ၊ လာရောက်ဝတ်ပြုဆုတောင်းပေးခဲ့တဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ချမ်းသာသုခဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ ၊ ပြင်ဦးလွင်ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေ စုစုပေါင်း (၂၀)ဦးခန့်ကို အသွားအလာကန့်သတ်ရာနေရာတွေကို ပို့ဆောင်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်သွားမယ်၊ အခြားသူတွေအားလုံးကိုလည်း အသွားအလာကန့်သတ်‌စောင့်ကြည့်ထားပါတယ်”လို့ ပြင်ဦးလွင်ခရိုင်ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာသန်းဝင်းကပြောပါတယ်။

သေဆုံးသူဟာ ရပ်ကွက်ကြီး(၁၀)၊ ခွါညိုလမ်းမှာနေတဲ့ အသက် (၇၂) နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး သွေးတိုး၊ဆီးချို၊ နှလုံးရောဂါအခံရှိသူဖြစ်ကာ ကိုဗစ်ရောဂါသံယယ လက္ခဏာတွေနဲ့ ပြင်ဦးလွင်ဆေးရုံကြီးကို ရောက်ရှိလာချိန် ရောဂါပိုး ရှိ၊မရှိစစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့ခဲ့သူဖြစ်တယ်လို့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။

သေဆုံးလူနာရဲ့ မိသားစုဝင်တွေဖြစ်တဲ့ အမျိုးသား၂ဦးဟာ နိုဝင်ဘာ ၇ရက်နေ့ ရန်ကုန်ကနေ ပြင်ဦးလွင်ရှိ နေအိမ်ကို လာရောက်ခဲ့ပြီး နိုဝင်ဘာ ၁၀ရက်နေ့မှာ ရန်ကုန်မြို့ကို ပြန်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုဗစ်လူနာသေဆုံးမှုကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မီးသဂြိုၤလ်ဖို့ ဆောင်ရွက်နေပြီး ပြင်ဦးလွင်မြို့မှာ ပထမဦးဆုံး ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းမှာ မနေ့ နိုဝင်ဘာ ၃၀ရက်နေ့ညနေပိုင်းအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၅၈၈၁ ဦး ၊ သေဆုံးလူနာ ၄၉ဦးထိရှိနေပြီဖြစ်ပါတယ်။

Photo – ပြင်ဦးလွင်လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #ပြင်ဦးလွင် #ကိုဗစ်လူနာ #သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW