ဇနီးဖြစ်သူ အိမ်ကဆင်းသွားတာကို မကျေနပ်လို့ ဖခင်နဲ့ အစ်ကိုဖြစ်သူကို ညီဖြစ်သူက ဓားနဲ့ထိုးသတ်

ဒီဇင်ဘာ ၂-၂၀၂၀
ကိုတိုးကြီး(VOM)

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်-၄ရပ်ကွက်၊ ကွမ်းခြံ (၆)လမ်း ၊တိုက်အမှတ် (၆) ၊ ၄ လွှာ၊ အခန်းအမှတ်(၃၀၁)မှာ မနေ့ ဒီဇင်ဘာ ၁ ရက် ညပိုင်းက ဇနီးဖြစ်သူ အိမ်ကနေဆင်းသွားတာကို မကျေနပ်လို့ ဖခင်နဲ့ အစ်ကိုဖြစ်သူကို ညီဖြစ်သူကိုယ်တိုင်က ဓားနဲ့ထိုးသတ်ခဲ့တဲ့အတွက်၂ လောင်းပြိုင် လူသတ်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ဖုန်းဆက်အကြောင်းကြားလို့ အစ်ကို ဦးလှတိုးရဲ့ အိမ်ကိုသွားခဲ့တယ်၊ အစ်ကို ဦးလှတိုးရဲ့ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာရထားတယ် ၊နောက်ပြီး ဦးလှတိုးရဲ့ သားအကြီးဖြစ်သူ တူတော်မောင် မင်းမင်းဦး (ခ)မင်းမင်း ရဲ့ ဝမ်းဗိုက်မှာလည်း ထိုးသွင်းဒဏ်ရာရပြီး အူတွေထွက်ပြီး သေဆုံးနေတယ်၊ အဲ့ဒါကြောင့် လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်”လို့ သေဆုံးသူ ဦးလှတိုးရဲ့ ညီဖြစ်သူ ဦးသန်းဝင်းက ပြောပါတယ်။

အဲ့ဒီ သေဆုံးနေသူ ကိုမင်းမင်းဦး (ခ) မင်းမင်းရဲ့ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံးကြီးက PR – 073 အရ လက်ခံခဲ့ပြီး ဦးလှတိုးကတော့ အရေးပေါ် ကုသဆောင်မှာ ဆေးကုသမှုခံယူချိန် ရရှိဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။

ကမာရွတ်မြို့မရဲစခန်းမှူး ဒု-ရဲမှူး မျိုးဦးကလည်း ” သေဆုံးသူ ၂ ယောက်ဟာ သားအဖတွေဖြစ်တယ် ၊ ပြစ်မှုကျုးလွန်သူ ချစ်ကိုကိုထွေး (ခ) ချစ်ကို ဆိုသူဟာ သေဆုံးသူ ဦးလှတိုးရဲ့ သားဖြစ်သလို သေဆုံးသူ မင်းမင်းဦးရဲ့ ညီလည်းဖြစ်တယ်”လို့ ပြောပါတယ်။

ချစ်ကိုကိုထွေး ဆိုသူဟာ မင်္ဂလာ ဒုံကနေ နေအိမ်ကို ပြန်လာခဲ့ပြီး နေအိမ်ရောက်တဲ့အခါ ဇနီး ဖြစ်သူကိုမတွေ့ရတဲ့အတွက် ဖခင်ဖြစ်သူ ဦးလှတိုးကို မေးမြန်းခဲ့ရာ ဇနီးဖြစ်သူဟာ နေအိမ်ကဆင်းသွားပြီဖြစ်ကြောင်း ပြောပြခဲ့ရာကနေ ငွေကြေးကိစ္စမှအစ သားအကြီးဖြစ်သူကို မျက်နှသာပေး အချစ်ပိုတယ်လို့စွပ်စွဲကာ သားအဖ ၂ ယောက် စကားများခဲ့ကြပါတယ်။

စကားများရန်ဖြစ်နေရင်း သားဖြစ်သူက ဖခင်ဖြစ်သူ ဝမ်းဗိုက်နေရာကို အရိုးအသွား ၁၁ လက်မ၊ ကော်ရိုးတပ် စတီးဓားနဲ့ ထိုးသွင်းခဲ့ပြီး လမ်းထိပ်အရက်ဆိုင်မှာ အရက်သောက်နေတဲ့ အစ်ကိုဖြစ်သူရဲ့ဝမ်းဗိုက်နေရာကိုပါ အဲ့ဒီဓားနဲ့ ထိုးသွင်းခဲ့တာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ချက်တွေအရ သိရပါတယ်။

အဲ့ဒီ ၂ လောင်းပြိုင် လူသတ်မှုကို ကမာရွတ်မြို့မရဲစခန်းက ပြစ်မှုကြီး အမှတ်စဉ် ၄ / ၂၀၂၀ ၊ (ပ) ၉၀၀ / ၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ အရ အမှုဖွင့် စစ်ဆေးနေပြီး အချိန်တိုအတွင်းမှာ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။

ရန်ကုန်တိုင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝ လုံခြုံရေး ကိစ္စရပ်တွေကို စောင့်ကြည့်လေ့လာနေသူ ဦးသန်းထွန်းဝင်း ကလည်း ” ရန်ကုန်မှာ မှုခင်းဖော်ထုတ်မှု ဖမ်းဆီးအရေးယူမှုဆိုင်ရာ အခြေအနေတွေက ဟိုအရင်နဲ့မတူဘူး အရည်အသွေး တိုးတက်မြှင့်မားလာပြီလို့ ပြောလို့ရတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နီးပါးက တက္ကသိုလ်ရိပ်သာလမ်းက ၅ လောင်းပြိုင် လူသတ်မှုဆိုရင် အခုချိန်အထိ အစရှာရတယ်လို့ မကြားသေးဘူး ၊ နောက်ပြီး ပုလဲမြို့သစ်ဘက်က ၄ လောင်းပြိုင် လူသတ်မှုလည်း ထိုနည်းတူစွာပဲဖြစ်တယ်၊ ရန်ကုန်လို မြို့ပြကြီးမှာ အများပြည်သူ အထူးစိတ်ဝင်စားတဲ့ အဲ့ဒီလူသတ်မှု မိသားစုလိုက် လုပ်ကြံခံရမှုတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စွမ်းစွမ်းတမံ ဖော်ထုတ်အရေးယူပေးနိုင်မယ်ဆိုရင် ရဲတပ်ဖွဲ့အပေါ် အများပြည်သူရဲ့ ယုံကြည်အားကိုး လေးစားမှုတွေက ဒီထက်တိုးပြီး ရမှာဖြစ်တယ်၊ ကိုဘန်း ရဲတပ်ဖွဲ့မျိုးလိုပေါ့”လို့ သူရဲ့အမြင်ကို ပြောပါတယ်။

Photo-ကမာရွတ် ရဲစခန်း
#voiceofmyanmar #VOM #ရန်ကုန် #၂လောင်းပြိုင် #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW