ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ကို အမှုဖွင့်ခဲ့တဲ့ NLD ဥပဒေအထောက်အကူပြုဥက္ကဋ္ဌ ပုဒ်မ၅၀၅(ခ)နဲ့ ဖမ်းဆီးခံရ

ဒီဇင်ဘာ ၃-၂၀၂၀
အေးချမ်းသူ(VOM)

မင်းကင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမောင်မြင့်ကို အမှုဖွင့်တိုင်ကြားထားတဲ့ မြို့နယ်NLDပါတီ ဥပဒေအထောက်အကူပြု ဥက္ကဋ္ဌ ကို ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရသူရဲ့ညီဖြစ်သူ ဦးကျော်မင်းအောင်ကVOMကိုပြောပါတယ်။

“တရားရုံးဖမ်းဝရမ်းနဲ့လာတာဗျ ပုဒ်-၅၀၅(ခ)ပဲပါတယ်။ ကျန်တာတော့ မပါဘူး”လို့ ဦးကျော်မင်းအောင်ကပြောပါတယ်။

မင်းကင်းမြို့နယ် NLDပါတီ ဥပဒေအထောက်အကူပြုဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်ကို ဒီကနေ့မနက် ၁၀ နာရီခွဲက မင်းကင်းမြို့နယ်တရားရုံး ဖမ်းဝရမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးကျော်မင်းထွဋ်ဟာ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စာလှယ် ဦးမောင်မြင့်ကို ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၈(ဂ)နဲ့ မင်းကင်းရဲစခန်းမှာ အမှုဖွင့်ပြီးနောက်ပိုင်း အခုလိုဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်တယ်လို့ ညီဖြစ်သူက ရှင်းပြပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမောင်မြင့်ဟာ လူမျိုးရေး၊ဘာသာရေးကို ထိခိုက်ပြောဆိုကာ မဲဆွယ်စည်းရုံးခဲ့တာကြောင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ- ၅၈(ဂ)နဲ့ နိုဝင်ဘာလ၂၀ရက်နေ့က မင်းကင်းမြို့မရဲစခန်းမှာ မင်းကင်းမြို့နယ် NLDပါတီ ဥပဒအထောက်အကူပြုအဖွဲ့က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

မင်းကင်းမြို့နယ်ဟာ ရွေးကောက်ပွဲကာလအတွင်း အပြန်အလှန်အမှုဖွင့်တာတွေရှိခဲ့ပြီး NLDဘက်ကတရားစွဲဆိုမှု ၁၄မှုနဲ့ ပြည်ခိုင်ဖြိုးဘက်က တရားစွဲဆိုမှု ၁မှုရှိတယ်လို့ မင်းကင်းမြို့မရဲစခန်းကနေ သိရပါတယ်။

နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဟာ ပြစ်မှုထင်ရှားပါက ၂နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ချမှတ်ခြင်းခံရမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မင်းကင်း #USDPကိုယ်စားလှယ် #NLDဥ/ထောက် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW