ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှာ ကိုဗစ်ပိုးတွေ့တယ်ဆိုတာ မှန်ကန်ခြင်းမရှိ

ဒီဇင်ဘာ ၄-၂၀၂၀
အေးချမ်းသူ(VOM)

ကော့မှုးမြို့နယ်၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှာ ကိုဗစ်ပိုးတွေ့ရှိတယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ သင်တန်းကျောင်းအုပ်ကြီး ဒု-လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်စိုးကျော်က VOMကို ပြောပါတယ်။

“ဒီသတင်းက အမှားကြီးဗျ ကျွန်တော်တို့တောင် အံ့သြနေတာ၊ FBတက်တာလည်း မသိဘူး၊ သင်တန်းကျောင်းမှာ ကိုဗစ်စတင်ဖြစ်ပွားချိန် မတ်လပိုင်းကစပြီး ကြိုတင်ကာကွယ်မှုတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ လုပ်ဆောင်ထားတယ်။ အနီးကပ်ပြုစုစောင့်ရှောက်ဖို့ သီးသန့်သူနာပြုတစ်ယောက်ထားရှိတယ်”လို့ ဒု-လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်စိုးကျော်က VOMကို ပြောပါတယ်။

သင်တန်းကျောင်းအတွင်း ကလေးငယ်တွေကို အစာစားချိန်၊ ကစားချိန်၊ အားကစားလုပ်ချိန်တွေအပြင် ကိုဗစ်ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ထားပြီး နေထိုင်ရာအဆောင်တွေကို ဆေးဖြန်းခြင်းလုပ်ငန်း တစ်ပတ်တစ်ကြိမ်ပြုလုပ်ကာ သင်တန်းကျောင်းမှာ လူငယ်စုစုပေါင်း ၆၀၀ခန့်ရှိတယ်လို့ ဦးအောင်ကျော်စိုးကရှင်းပြပါတယ်။

မရမ်းကုန်းမြို့နယ်ရှိ လူငယ်သင်တန်းကျောင်းမှာ နိုဝင်ဘာ ၁၇ရက်နေ့က ဝန်ထမ်း ၁၁ ဦးနဲ့ ကလေး၂၉ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပေမယ့်လည်း အခုလက်ရှိမှာ ပျောက်ကင်းနေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းလူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး၊ ညွန်ကြားရေးမှူး ဒေါက်တာဒေါ်ကေသီကျော်က VOMကိုပြောပါတယ်။

“အာလုံးပြန်ကောင်းသွားလို့ သင်တန်းကျောင်းကိုပြန်ရောက်လာကြပါပြီ၊ ထပ်မံမဖြစ်ပွားဖို့ ကြိုတင်ဆောင်ရွက်မှုတွေကို အရင်ကထက်ပိုပြီး လုပ်ဆောင်ထားပါတယ်”လို့ ဒေါ်ကေသီကျော်ကပြောပါတယ်။

ရန်ကုန်တိုင်းမှာ လူငယ်သင်တန်းကျောင်း ၅ ကျောင်းရှိပြီး ကိုဗစ်စတင်ဖြစ်ပွားတဲ့ မတ်လပိုင်းကတည်းက ကြိုတင်ကာကွယ်မှု၊ သင်တန်းကျောင်းတွေအတွင်း ဆေးဖြန်းခြင်းနဲ့ ကိုဗစ်အသိပညာပေးလုပ်ငန်းတွေကို ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်နဲ့အညီဆောင်ရွက်ထားတယ်လို့ ညွန်ကြားရေးမှူး ဒေါက်တာဒေါ်ကေသီကျော်က VOMကို
ရှင်းပြပါတယ်။

မြန်မာနိူင်ငံမှာ လူငယ်သင်တန်းကျောင်း ၁၀ ကျောင်းရှိပြီး ရန်ကုန်မှာ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ သံလျှင်လူငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးလေးများ သင်တန်းကျောင်း(ထောက်ကြန့်)၊ အမျိုးသမီးလေးများသင်တန်းကျောင်း(ရန်ကုန်)၊ မန္တလေးမြို့မှာ မန္တလေးလူငယ်သင်တန်းကျောင်း၊ မန္တလေးအမျိုးသမီးလေးများသင်တန်းကျောင်း၊ မွန်ပြည်နယ်မှာ မော်လမြိုင်လူငယ်သင်တန်းကျောင်း၊ ဧရာဝတီမှာ လပွတ္တာလူငယ်အားမာန်ကျောင်းနဲ့ ရှမ်းမြောက်မှာ လာရှိုးလူငယ်သင်တန်းကျောင်းတို့ပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ငှက်အော်စမ်းသင်တန်းကျောင်း #ကိုဗစ်သတင်းမှား

Related posts

Leave a Comment

VOM News

FREE
VIEW