ရခိုင်က စစ်ဘေးရှောင်တွေအတွက် ဆောင်းတွင်းကာလ စားနပ်ရိက္ခာနဲ့ စောင်တွေလိုအပ်နေ

ဒီဇင်ဘာ ၄- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဆောင်းတွင်းကာလ စားနပ်ရိက္ခာနဲ့ စောင်တွေလိုအပ်နေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝမြို့နယ်ကနေ စစ်တွေမြို့သို့ထွက်ပြေးလာတဲ့ ဒေါ်ခင်ခင်အေးက “ အခုက စားရေးသောက်ရေးအတွက် ဆန်တွေအဓိက လိုအပ်နေပါတယ်။ ဆောင်းရာသီလည်း ရောက်လာပြီဆိုတော့ ချမ်းလာပါပြီ။ စောင်တွေ၊ အနွေးထည် အင်္ကျီတွေလည်း လိုအပ်နေပါတယ်။ မိသားစုဝင်တွေ များတယ်ဆိုရင်တော့ စောင်တွေမလုံလောက်တာရှိပါတယ်။ ဒါကြောင့် စောင်တွေလိုအပ်နေပါတယ်။” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကနေ စစ်တွေမြို့ပေါ် စစ်ဘေးရှောင်စခန်းကိုလာရောက်နေတဲ့ ဒေါ်နန်းကျော့ခိုင်ကလည်း အခု ဒီဇင်ဘာလအတွင်း သူတို့စစ်ဘေးရှောင်စခန်းသို့ ဆန်ရိက္ခာတွေမရောက်ရှိကြောင်းနဲ့ အပြင်က ဝယ်ယူစားသောက်ဖို့ရာလည်း အလုပ်အကိုင်မရှိတဲ့အတွက် ငွေလည်းမရှိကြောင်း ပြောပါတယ်။

“ ကျမတို့မှာ အဓိကလိုအပ်နေတာကတော့ ဆန်၊ဆီ၊ ဆား စသဖြင့် အဲ့ဒါတွေက လိုအပ်နေတာပေါ့။ အလှူရှင်တွေကို တောင်းဆိုချင်တာကတေ့ ဆား၊ ဆန်၊ ဆီ၊ ဟင်းချိုမုန့်တွေကို အလုံအလောက်ရဖို့ တောင်းဆိုချင်ပါတယ်။ စောင် တွေလည်း အလုံအလောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။” လို့ ဒေါ်နန်းကျော့ခိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဆောင်းရာသီမှာ စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အနွေးထည်အင်္ကျီတွေကို လှူဒါန်းပေးဝေနေတာတွေရှိပေမယ့် လုံလောက်မှုမရှိဘူးလို့ အရပ်ဖက်အဖွဲ့အစည်းတွေပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း အရင်က စစ်ရေးပဋိပက္ခတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေမှာ သက်ဆိုင်ရာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေကြား စစ်ရေးပဋိပက္ခတွေရပ်တန့်နေတာကြောင့် နေရပ်ပြန်နေကြတဲ့ ထောင်နဲ့ချီ စစ်ဘေးရှောင်ပြည်သူတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် (၂) သိန်းကျော်ရှိလာပြီး များပြားလှတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ရည်ရှည်မှာ စားဝတ်နေရေးဟာ အဓိကအခက်အခဲဖြစ်လာနေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #စစ်ရှောင် #စားနပ်ရိက္ခာလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW