မဟာဗန္ဓုလပန်းခြံအတွင်း ကိုဗစ်ဖြစ်နိုင်ခြေများတဲ့အတွက် လာရောက်အပန်းဖြေတာကို ကျောက်တံတားပြည်သူတွေကမကြိုက်

ဒီဇင်ဘာ ၅-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်မြို့၊ မြို့တော်ခန်းမဘေးရှိ မဟာဗန္ဓုလပန်းခြံအတွင်း နေစဉ်လူပေါင်းများစွာ အပန်းဖြေလာနေတဲ့အခါ လူစုလူဝေးကြောင့် ကိုဗစ်ဖြစ်နိုင်ခြေများတဲ့အတွက် ကျောက်တံတားပြည်သူတွေက ပန်းခြံအတွင်းလာရောက်မှုကို မကြိုက်ဘူးလို့ ကျောက်တံတားမြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက VOM ကိုပြောပါတယ်။

“တခါတရံ အပြင်ထွက်ချင်တဲ့စိတ်က လူတိုင်းမှာ ရှိတာပေါ့လေ။သို့ပေမယ့်လည်း အရမ်းအုပ်အုပ်ကျပ်ကျပ်ကြီး ထွက်တာကတော့ အဆင်မပြေဘူးပေါ့ ။ ကျောက်တံတားပြည်သူတွေကလည်း ဒီကစ္စကို မကြိုက်ကြပြန်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်တံတားကို လူပေါင်းစုံလာတယ် လူပေါင်းစုံလာတဲ့ နေရာတွေက လူစုလူ ဝေးနဲ့ ကိုဗစ် ဖြစ်နိုင်တယ်ဆိုရင် ကျောက်တံတားက ခြောက်ခြားစရာ ဖြစ်နိုင်တယ်”လို့ ဒေါ်ကြည်ပြာကပြောပါတယ်။

အရင်က Stay Homeမလုပ်ရသေးတဲ့အချိန်နဲ့ အခု Stay Home တင်းတင်းကျပ်ကျပ်လုပ်ပြီးနောက်မှာလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ပန်းခြံကိုပိတ်ပေးဖို့ ပြောဆိုညှိနှိုင်းခဲ့ပေမယ့် အများနဲ့ သက်ဆိုင်တဲ့နေရာ ဖြစ်နေတဲ့အတွက် ပိတ်လို့မရကြောင်း စည်ပင်တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ ဒေါ်ကြည်ပြာက ပြောပါတယ်။

“Stay Home က တင်းတင်းကျပ်ကျပ် မရှိတော့ဘူး၊ လူတွေအပြင်တွေ ထွက်နေကြတယ် ။ ဒီလိုအခြေအနေမျိုးမှာ ပိတ်လိုက်ရင်ရော ဘာဖြစ်လာနိုင်လဲ၊ မပိတ်ရင်ရော ဘာဖြစ်လာနိုင်လဲ ဆိုတာ လက်ရှိတာဝန်ရှိသူတွေ သေချာစဉ်းစားသုံးသပ်သင့်တာပေါ့ ။ ပိတ်ချင်တဲ့ လူတွေလည်း ရှိနိုင်သလို မပိတ်ချင်တဲ့ လူတွေလည်း ရှိနိုင်တာပဲလေ “ လို့ ကျောက်တံတား အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက သုံးသပ်ပြောပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကလည်း “ ရောဂါတွေက တဖြေးဖြေးတိုးလာနေတယ် ။ နိုင်ငံတော် တာဝန်ရှိသူတွေက ပြောနေတယ်၊ လူစုလူဝေးတွေမလုပ်ဖို့ အိမ်ထဲမှာပဲနေဖို့ အတန်တန်ပြောနေတယ်။ အဲ့ဒီလိုပြောနေရင်းနဲ့ ပန်းခြံတွေကို ဘာဖြစ်လို့ဖွင့်ထားရတာလဲ ။ ပန်းခြံဆိုတာက လူစုလူဝေးလုပ်တဲ့နေရာ ။ ဒီအချိန်မှာ ကျန်းမာရေးကို ကာကွယ်ဖို့အရေးကြီးတဲ့အချိန်မှာ အပန်းဖြေစရာ အနားယူစရာဆိုတာက လုံးဝမလိုအပ်တဲ့ အခြေအနေမျိုးပါ ။ ပန်းခြံတွေဖွင့်ခြင်းအားဖြင့် သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ ဘယ်လောက်ထိန်းနိုင်မလဲ လူတွေအများကြီးဝင်လာတယ် ။ မထိန်းနိုင်ဘူး ။ ပန်းခြံမှာ ရှိနေတဲ့ တာဝန်ရှိတဲ့သူတွေကလည်း သူတို့မှာ တော်တော်လေး သောကရောက်နေတာကို တွေ့ရတယ် ။ ဒီအချိန်မှာက အလိုလိုက်သင့်တဲ့ နေရာမဟုတ်ဘူး ။ လူစုလူဝေးဖြစ်နိုင်မယ့် ဧရိယာကို တားဆီးထားတာက အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။

မန္တလေးမြို့မှာဆိုရင် Stay Home သတ်မှတ်ပြီးတဲ့ နောက်ပိုင်း အများပြည်သူလာရောက် အပန်းဖြေနေတဲ့ မန္တလေးကျုံးနဲ့ လမ်းအချို့ကို ကန့်သတ်နေရာတွေ ပြုလုပ်ထားပြီး ဒီဇင်ဘာ ၅ရက်နေ့ကနေ ၁၈ရက်နေ့အထိ Semi Lockdown အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပန်းခြံ #ကျောက်တံတားပြည်သူတွေမကြိုက်

Related posts

Leave a Comment

VOM News

FREE
VIEW