အလုပ်လျှောက်သူများပြားပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့လို့ တာဝန်ရှိသူတွေလာရောက်တားဆီးခဲ့ရ

ဒီဇင်ဘာ ၇-၂၀၂၀
သူရိန်(VOM)

ရန်ကုန်တိုင်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ မင်းရဲကျော်စွာလမ်းမကြီးရှိ မင်ခြိမ်ဘိနပ်စက်ရုံမှာ အလုပ်လာလျှောက်တဲ့သူတွေများပြားပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။

“အလုပ်သမားများခန့်ထားမှာကို ကြားသိရသည့်အတွက် ဒီကနေ့ မနက်ပိုင်းမှာ လျှောက်လွှာ လာရောက်ထုတ်ယူနေသူတွေ များပြားလာတာကြောင့် လူစုလူဝေးဖြစ်လာပြီး ကျန်းမာရေးအရ စိုးရိမ်နေရတဲ့အတွက် တာဝန်ရှိသူတွေ သွားရောက်ရှင်းလင်းခဲ့ကြရပါတယ်”လို့ ရန်ကုန်တိုင်း ၊ ဒဂုံမြို့သစ်(အရှေ့) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။

လက်ရှိမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုကြာမြင့်လာတာနဲ့အမျှ အလုပ်လက်မဲ့ဦးရေ များပြားလာတာ၊ လစာလျှော့ချခံရတာတွေရှိနေသလို ကုမ္ပဏီဖျက်သိမ်းဖို့ တင်ပြလာတဲ့ လုပ်ငန်းပေါင်း ၄၀ ကျော်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

အခုလို ဖျက်သိမ်းဖို့တင်ပြလာတဲ့ကုမ္ပဏီတွေအနက် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ လူမွဲခံယူခြင်း (သို့မဟုတ်) ဒေဝါလီခံခြင်း ရှိ၊မရှိ ပြောလို့မရသေးသလို ဖျတ်သိမ်းဖို့ တင်ပြလာတဲ့ ကုမ္ပဏီတွေက ကုမ္ပဏီငယ်တွေသာဖြစ်ပါတယ်။

ဒီလို ဖျက်သိမ်းဖို့ တင်ပြလာတဲ့ကုမ္ပဏီတွေထဲမှာ စီးပွားပျက်လို့ ဖျက်သိမ်းတဲ့ကုမ္ပဏီ၊ ရင်းနှီးမြှုပ်နှံသူအချင်းချင်း ပူးပေါင်းဆောင်ရွက်လို့မရတဲ့ ကုမ္ပဏီ၊ လက်ရှိကုမ္ပဏီကို ဖျက်သိမ်းပြီး အခြားကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်မယ့်ကုမ္ပဏီနဲ့ ကုမ္ပဏီအဟောင်းဖျက်ပြီး အသစ်ထောင်လိုက်တဲ့ ကုမ္ပဏီတွေ ပါဝင်တယ်လို့ သိရပါတယ်။

Photo – U Ne Kyaw (FB)
#voiceofmyanmar #VOM #ရန်ကုန် #အလုပ်လာလျှောက်သူများ #လူစုလူဝေးဖြစ် #တားဆီးခဲ့ရ

Related posts

Leave a Comment

VOM News

FREE
VIEW