အိန္ဒိယ-မြန်မာနယ်စပ်က သူပုန်အဖွဲ့တွေကို တရုတ်ထောက်ပံ့ပေးနေတယ်လို့ အိန္ဒိယစွပ်စွဲ

ဒေလီ၊ ဒီဇင်ဘာ-၉-၂၀၂၀
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာ လှုပ်ရှားနေတဲ့ သူပုန်အဖွဲ့တွေကို တရုတ်နိုင်ငံက ကူညီထောက်ပံ့မှုတွေ ထပ်မံပြုလုပ်နေတယ်လို့ အိန္ဒိယအစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး ဘလွန်းဘာ့ဂ်သတင်းဌာနက ဖော်ပြထားပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) နဲ့ အခုနှစ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ ရခိုင့်တပ်မတော်(AA) အပါအဝင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ အစိုးရကိုပုန်ကန်နေတဲ့ သူပုန်အဖွဲ့တွေကို လက်နက်တွေထောက်ပံ့တာ၊ ပုန်းခိုစရာပေးတာတွေကို တရုတ်နိုင်ငံကိုယ်စား ကြားခံပြုလုပ်ပေးနေတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

အောက်တိုဘာလလယ်လောက်မှာတော့ အိန္ဒိယခွဲထွက်ရေးအဖွဲ့တွေရဲ့ ခေါင်းဆောင်လေးဦးထက်မနည်းဟာ လက်နက်တွေဝယ်ယူဖို့နဲ့ လေ့ကျင့်မှုတွေပြုဖို့အတွက် တရုတ်နိုင်ငံ ကူမင်းမြို့ကိုရောက်ရှိခဲ့တယ်လို့ ဘလွန်းဘာ့ဂ်သတင်းဌာနက ဆိုပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ငြင်းဆိုထားပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ ဂယ်ဝန်ချိုင့်ဝှမ်းမှာ ဇွန်လအတွင်းကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး တရုတ်တပ်ဖွဲ့ဝင်တွေလည်း အသေအပျောက်ရှိခဲ့ကာ ယခုနှစ်မေလကတည်းက လာဒါတ်ခ်ဒေသမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပါတယ်။

တရုတ်နိုင်ငံနဲ့အတူ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ အိန္ဒိယအစိုးရက ပြောဆိုထားပေမယ့်လည်း နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအကြား စစ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ပေမယ့် လာဒါတ်ခ်အကြပ်အတည်းကို ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။

Ref:Diplomat
Photo:Bloomberg
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW