စစ်တွေမှာ လူ့အခွင့်ရေးနေ့အတွက် ကမ်ပိန်းလုပ်တဲ့ လူငယ် ၃ ဦးကို ရဲကဖမ်း

ဒီဇင်ဘာ ၁၀- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမှာ ဒီကနေ့ကျရောက်တဲ့ ၇၂နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်အဖွဲ့က ဒီကနေ့မနက်ပိုင်း ကမ်ပိန်းတစ်ခုပြုလုပ်နေချိန် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ အဲ့ဒီကမ်ပိန်းမှာ ပါဝင်လှုပ်ရှားတဲ့ မဦးခင်သိန်းက ပြောပါတယ်။

ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်အဖွဲ့က မဦးခင်သိန်းပြောတာက” အခုလို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကမ်ပိန်း (Campaign ) လုပ်တဲ့ လူငယ်တွေကို ဖမ်းဆီးတာကတော့ အတော်လေး ရုပ်ဆိုးပါတယ်။ လုံးဝ ရှုတ်ချပါတယ်။ ရခိုင်ပြည်နယ်မှာက တိုက်ပွဲတွေ အမြောက်အမြားရှိတယ်။ အဲ့ဒီလိုမျိုး အခြေအနေတွေကြားမှာ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတယ်။ အဲ့ဒါတွေကို အစိုးရက ကျမတို့အမျိုးသမီးတွေအပေါ်မှာ အလေးထားတာမရှိဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီက ဖမ်းဆီးရှုပ်နှောင်တဲ့အောက်မှာ လူ့အခွင့်အရေးဆိုတာလည်း မရှိဘူး။” လို့ ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုကြောင်းနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုပပျောက်ရေးအတွက်ကမ်ပိန်း လှုပ်ရှားတာဖြစ်ပြီး အမျိုးသမီးလူငယ်တွေ အနေနဲ့လည်း အကြမ်းဖက်မှုကို မလိုလားကြောင်း မဦးခင်သိန်းက ပြောပါတယ်။

အဲ့ဒီ ကမ်ပိန်းကို ခေါင်းစဉ်သုံးခုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး (၁) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်တာ၊ (၂) နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့ထိကို အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေးအဖြစ်သတ်မှတ်တာ၊ (၃) Mask (မက်စ်) ဖြန့်ဝေရေးကမ်ပိန်းတို့ ဖြစ်ပါတယ်။

” ကျမတို့ လူငယ်တွေက ပြစ်မှုကျူးလွန်တဲ့ လူတွေမဟုတ်ဘူးလေ။ နိုင်ငံ တစ်နိုင်ငံမှာရှိနေတဲ့ လူ့အခွင့်အရေးအတွက်ပဲ ကျမတို့က လှုပ်ရှားတာဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့အခွင့်အရေးလို့ပဲ မြင်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေအတွက် ကာကွယ်ပေးတဲ့ ဥပဒေတွေကို စာချုပ်ချုပ်ဆို လက်မှတ်ထိုးထားတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ ဖမ်းဆီးခံရသူတွေနဲ့ဆက်စပ်ပြီး အစိုးရကို တောင်းဆိုချင်တာမရှိပါဘူး။ အပြစ်မရှိတဲ့အတွက် ပြန်လွှတ်လာမှာပါ။” လို့ မဦးခင်သိန်းကပြောပါတယ်။

ကမ်ပိန်းပြုလုပ်နေချိန် ဖမ်းဆီးခံရသူတွေဟာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က မခိုင်မြတ်သူ၊ ကိုနိုင်နိုင်ထွန်းနဲ့ ကိုမင်းဘာချေ (ခ) ကိုသန်းလှတို့ဖြစ်ကြောင်းနဲ့ လက်ရှိမှာလည်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်ရုံးကို ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #လူ့အခွင့်အရေးနေ့ပြုလုပ်သူ #ရဲကဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW