ဓာတ်မတည့်တဲ့သူတွေ Pfizer/BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေး မထိုးသင့်ဘူးလို့ ပညာရှင်တွေ အကြံပြူ

လန်ဒန်၊ ဒီဇင်ဘာ ၁၀-၂၀၂၀
မျိုးဆက်(VOM)

သိသိသာသာ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်လေ့ဖြစ်ထရှိသူတွေအနေနဲ့ Pfizer/BioNTech ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မထိုးသင့်ဘူးလို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အမျိုးသားကျန်းမာရေးဌာန (NHS )ဝန်ထမ်းနှစ်ဦးဟာ ဒီဇင်ဘာ ၈ ရက်က အဲ့ဒီကာကွယ်ဆေးထိုးပြီး ဓာတ်မတည့်တဲ့ လက္ခဏာတွေဖြစ်ပေါ်လာပြီးနောက် တာဝန်ရှိသူတွေက အခုလိုသတိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီအကြံပြုချက်ဟာ ဆေးဝါးတွေ၊ အစားအစာ သို့မဟုတ် ကာကွယ်ဆေးများဆိုင်ရာ တုံ့ပြန်မှုရှိဖူးတဲ့သူတွေနဲ့ အကျုံးဝင်တယ်လို့ ဆေးဝါးများနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီက ပြောပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်တဲ့ လက္ခဏာဖြစ်ခဲ့တဲ့ လူနှစ်ဦးဟာ ထိုးဆေးသစ်ထိုးပြီးနောက် ခဏမျှအကြာမှာ တုံ့ပြန်မှုပြခဲ့ပေမယ့် ကုသမှုတွေခံယူပြီးနောက် လက်ရှိမှာ ကျန်းမာလာပြီဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အရေပြားမှာ အဖုအပိန့်ထွက်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ တစ်ခါတစ်ရံသွေးပေါင်ချိန် ကျဆင်းခြင်းစတဲ့ ဓာတ်မတည့်တဲ့လက္ခဏာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Ref; BBC
Photo: Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW