စစ်ကိုင်းမြို့ကို Stay At Home ချမှတ်ပြီးနောက် မြို့အတွင်း သွားလာနေသူတွေကို စတင်စစ်ဆေး

ဒီဇင်ဘာ ၁၂-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့ကို Stay At Home ကြေညာပြီးနောက် မြို့အတွင်း သွားလာနေသူတွေကို ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင်ပြီး အပြင်ထွက်တဲ့လူတိုင်းကို ဈေးဝယ်ကဒ်တွေ ပါ၊မပါ စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။

စစ်ကိုင်းမြို့မဈေးအနီး၊ တောင်ရိုးလမ်း သုခကာရီလူမှုကူညီရေးရုံးအနီး၊တောင်ရိုလမ်း နန်းဦးမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး၊ရွာထောင်ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးရှေ့တွေမှာ ဌာနဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ လူမှုကူညီရေးအသင်းတွေ၊ မီးသတ်တပ်ဖွဲ့တွေက သွားလာနေသူတွေကို ဝင်/ထွက်ခွင့်လက်မှတ် (ဈေးဝယ်ကတ်)တွေ ပါ၊မပါ စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

”စစ်ကိုင်းတိုင်းအစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်တဲ့အပေါ်မှာ သက်ဆိုင်ရာဌာန၊စေတနာဝန်ထမ်းများ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းပြီးဆောင်ရွက်နေတယ်။ ဒီအပေါ်မှာ ဝင်/ထွက် ကတ်တွေနဲ့ စနစ်တကျသွားလာဖို့ စီစဉ်တဲ့အပေါ်မှာ လိုက်နာဆောင်ရွက်နိုင်အောင် စစ်ဆေးရေးဂိတ်တွေနဲ့စစ်ဆေးပြီး ပညာပေးဆောင်ရွက်နေပါတယ်။ အခုချိန်ထိတော့ အရေးယူမှု မရှိသေးပါဘူး။ ဒါပေမယ့် လိုက်နာမှုမရှိရင်တော့ လိုအပ်သောဒဏ်ငွေ သတ်မှတ်နိုင်အောင် တိုင်းဒေသကြီးအစိုးရတင်ပြထားပါတယ်။ ခွင့်ပြုရင်တော့ အဲ့ဒီအတိုင်းဆောင်ရွက်သွားပါမယ်။ ဒဏ်ငွေအပေါ်မှာမှ လိုက်နာမှု မရှိရင်တော့ ဒေသန္တရအမိန့်မှာပါတဲ့ တည်ဆဲဥပဒေအရ အရေးယူဖို့ဖြစ်ပါတယ်”လို့ စစ်ကိုင်းမြို့နယ် COVID -19 ထိန်းချုပ်ကာကွယ်ရေး နဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းကပြောပါတယ်။

လက်ရှိမှာတော့ သွားလာသူတွေ ဝင်/ထွက်ခွင့် ကဒ် စစ်ဆေးခြင်းကို ပညာပေးကာလအနေနဲ့ပြုလုပ်နေပြီး ဒီဇင်ဘာ ၁၅ ရက်က စတင်ကာ ဝင်/ထွက် ကတ်မပါဘဲ သွားလာတဲ့သူတွေကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေရိုက်အရေးယူသွားမယ်လို့ သိရပါတယ်။

COVID-19‌ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ စစ်ကိုင်းမြို့နယ် အပါအဝင် ကလေးမြို့နယ်၊ရွှေဘိုမြို့နယ် တို့ကို ဒီဇင်ဘာ ၁၁ ရက်နေ့ကစတင်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့အထိ Stay at Home အဖြစ် အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #StayHome #စစ်ဆေးမှုပြုလုပ်

Related posts

Leave a Comment

VOM News

FREE
VIEW