မန္တလေးတက္ကသိုလ်နားက မဟာမြိုင်ရပ်ကွက်မှာ မူးယစ်ဆေးတွေမိ

ဒီဇင်ဘာ ၁၂-၂၀၂၀
သက်ထားခင်(VOM)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်နားက မဟာမြိုင်ရပ်ကွက်မှာ မနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ငွေကျပ်သိန်းပေါင်း ၅၂၈၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မူဆယ်မြို့က ကားဝင်းတစ်ခုမှာ လူမဲ့တန်ဆာပစ္စည်းတွေကို မသင်္ကာလို့ စစ်ဆေးလိုက်ချိန် တွေ့ရှိခဲ့တဲ့ မူးယစ်ကွင်းဆက်ကနေ ဆက်စပ်ပြီး ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မူဆယ်ကွင်းဆက်ကနေ မိတာပါ၊ မန္တလေးမှာမိတဲ့ဟာက တရားခံတွေကိုတော့ မမိသေးပါဘူး၊ မူဆယ်မှာရော၊ အမှတ် ၉ မှာရော အမှုဖွင့်ထားပါတယ်၊ မူးစိတ်ပုဒ်မ-၁၉(က)/၂၁ နဲ့ပါ”လို့ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မူဆယ်မြို့ သိန်းသန်းချီကားဝင်းအတွင်းမှာ ယောဟန်ဆိုသူက မန္တလေးကို ပို့ဆောင်ပေးဖို့ လာအပ်ထားတဲ့ လူမဲ့တန်ဆာပစ္စည်းတွေကို မသင်္ကာလို့ စစ်ဆေးခဲ့ချိန် စက္ကူဂျပ်ဖာထဲထည့်ထားတဲ့ ရေပူ/ရေအေးစက် ၁၁ လုံးထဲကနေ ဘိန်းဖြူ ၈ ဒသမ ၈ ကီလိုကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ဘိန်းဖြူတွေနဲ့ပတ်သက်ပြီးတော့ ယောဟန်ကို စစ်ဆေးလိုက်ချိန် ဘောက်လာ(ခ)မိုးတိမ်က မန္တလေးကို့ ပို့ခိုင်းတယ်လို့ သိရတာကြောင့်
ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ဘိန်းဖြူကို လက်ခံယူမယ့်ကျော်ကျော်စိုးနဲ့ ကျော်ဇင်ဝိုင်းတို့ငှားရမ်းနေထိုင်တဲ့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ အပိုင်း(၆)၊ အောင်ကမ္ဘာလမ်းသွယ်၊ အိမ်အမှတ်(၁၇၃)က နေအိမ်ကို သက်ဆိုင်ရာအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေအိမ်မှာ ကျော်ကျော်စိုးနဲ့ ကျော်ဇင်ဝိုင်းတို့ကို မတွေ့ရပေမယ့် နေအိမ်အခန်းတွင်းက စက္ကူဂျပ်ဖာတွေထဲထည့်ထားတဲ့ ရေပူ/ရေအေးစက် ၁၁ လုံးထဲကနေ ဘိန်းဖြူ ၈၆၈ ခွက်၊ တန်ဖိုးငွေကျပ်သိန်း ၅၂၈၀ ကို ထပ်မံပြီးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ယောဟန်၊ ကျော်ကျော်စိုး၊ ကျော်ဇင်ဝိုင်း၊ဘောက်လာ(ခ)မိုးတိမ်တို့ကို မူဆယ်မြို့မရဲစခန်းနဲ့ အမှတ် ၉ မြို့မရဲစခန်းတို့မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #မူးယစ်ဆေးတွေမိ

Related posts

Leave a Comment

VOM News

FREE
VIEW