နမ္မတူမြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံ (၄)ယောက် မိုင်းစင်ဒဏ်ရာရရှိ

ဒီဇင်ဘာ ၁၂- ၂၀၂၀
နေနန်းနွယ်(VOM)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်ခန့်က တိုက်ပွဲဖြစ်ခဲ့ရာ ဒေသခံ (၄) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒါဏ်ရာရသွားတဲ့ ၄ ‌ယောက်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့တဲ့ ထောက်ပံ့ငွေကို နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်၊ မြိုနယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်နဲ့ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ခံ ဒေါ်မြတ်သူနှင်းတို့က တစ်‌ယောက်ကို ငွေကျပ် (၅၀၀၀၀)ကျပ်နှုန်းနဲ့ စုစုပေါင်း ငွေကျပ်(၂၀၀၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ပါတယ်” လို့ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ရုံးတာဝန်ခံ ဒေါ်မြတ်သူနှင်းထံကပြောပါတယ်။

နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာအနီးမှာ RCSS/SSAအဖွဲ့နဲ့ TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နမ့်ပိုင်ကျေးရွာက ဒေသခံ (၄)ဦး မိုင်းစင်ဒဏ်ရာရရှိပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့ ည(၁၀)နာရီမှာ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မိုင်းစင်ဒဏ်ရာ ရရှိသူ (၄)ဦးဖြစ်တဲ့ နားဆိုင်းကျေးရွာအုပ်စု၊ နမ့်ပိုင်ကျေးရွာမှ ဒေါ်အေးနုရဲ့ ပုခုံးနဲ့ ဦးခေါင်းနောက်ဘက် မိုင်းစင်ဒဏ်ရာတစ်ခု၊ ဒေါ်အေးနန်းရဲ့ ဝဲဘက်လက်မောင်းနဲ့ ခါးယာဘက် မိုင်းစင်ဒဏ်ရာ တစ်ခု၊ မမွန်းခမ်း(ကိုယ်ဝန်သည်)ရဲ့ ယာဘက်လက်ပြင် မိုင်းစင်ဒဏ်ရာတစ်ခု၊ မောင်ဇာလိန်သန့်ရဲ့ ယာဘက်ပေါင်ရင်းနဲ့ ခြေသလုံးတို့မှာ မိုင်းစင်ဒဏ်ရာ ရရှိခဲ့ကြတာဖြစ်ပါတယ်။

RCSS/SSAအဖွဲ့နဲ့ TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်စံကျေးရွာ ရွှေစကားဝါမြေဘုန်းတော်ကြီးကျောင်းမှာ နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်၊ ပိန်ထွမ်ကျေးရွာမှ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၄)စု၊ ကျား (၁၇)ဦး၊ မ (၂၅)ဦး စုစုပေါင်း (၄၂)ဦးခန့်တိုးလာခဲ့ပါတယ်။

အဲ့ဒီဘုန်းတော်ကြီးကျောင်းမှာ အရင်ကရောက်ရှိနေတဲ့ နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲ၊ နားကျိုင်းကျေးရွာနဲ့ ပန်ချင်ကျေးရွာအုပ်စု ပိန်းလုံ၊ ကွန်းကျောင်းကျေးရွာတို့မှ ယာယီတိုက်ပွဲရှောင်ပြည်သူ‌ပေါင်း စုစုပေါင်းအိမ်ထောင်စု (၇၈)စု၊ လူဦးရေ (၂၄၀)ခန့်ရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နမ္မတူ #မိုင်းစင်ဒဏ်ရာ၄ဦး

Related posts

Leave a Comment

VOM News

FREE
VIEW