ဒီဇင်ဘာ ၁၃-၂၀၂၀
ဇော်မိုးထက်(VOM)
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ လုံးခင်းကျေးရွာအုပ်စုကို ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်နေ့ ညနေ ၆နာရီကစပြီး အသွားအလာကန့်သတ်ကာ လော့ခ်ဒေါင်းချသွားမယ်လို့ ဖားကန့်မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်မှုကော်မတီ ဥက္ကဋ္ဌ ဦးဉာလင်းအောင်းကပြောပါတယ်။
လုံးခင်းကျေးရွာအုပ်စုဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၂ရက်နေ့အထိ သုံးပတ်တာကာလအတွင်း ကိုဗစ်-၁၉ကူးစက်ခံရသူ (၁၃၀)ဦးရှိနေပြီး ဖားကန့်မြို့နယ်မှာ ကူးစက်ခံရသူ အများဆုံးကျေးရွာလည်း ဖြစ်ပါတယ်။
အသွားအလာကန့်သတ်ပြီး လော့ခ်ဒေါင်းချထားတဲ့နေရာတွေကို မြို့နယ်ကိုဗစ် -၁၉ကော်မတီနဲ့ ရဲတပ်ဖွဲ့ ရဲတပ်ရင်း ၊ ကျန်းမာရေးဝန်ထမ်း ၊ မီးသတ်တပ်ဖွဲ့၊ ကြည်ခြေနီ ၊လူမှုကူညီရေးအဖွဲ့တွေ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စက်တင်ဘာလက စပြီး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတာဖြစ်ပြီး ကိုဗစ်-၁၉ကူးစက်ခံရသူပေါင်းဟာ ဒီဇင်ဘာ ၁၂ရက်နေ့အထိ ၂၅၉ ဦးအထိ ရှိသွားပြီဖြစ်တယ်လို့ ကော်မတီကနေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
#voiceofmyanmar #VOM #ဖားကန့် #လုံးခင်း #လော့ခ်ဒေါင်းချ