မန်းမှာ မြို့နယ်ကူးခွင့် ကဒ်မပါလို့ဒဏ်ရိုက်သူ သောင်းတစ်ထောင်ကျော်ရှိပြီး  အဲဒီကဒ်ရောင်းသူတွေနဲ့ အတုကိုင်သူတွေကို အရေးယူမယ်

မန္တလေး၊ ဒီဇင်ဘာ- ၁၄- ၂၀၂၀

ရှိုင်းအောင်(VOM)

 

မန္တလေးမှာ Semi Lockdown ကာလအတွင်း မြို့နယ် ဝင်/ထွက်ခွင့် လက်မှတ်တွေကို သောင်းဂဏန်းနဲ့ တဆင့်ပြန်လည်ရောင်းချတဲ့သူတွေရှိသလို လက်မှတ်အတုတွေပြုလုပ်ပြီး ကိုင်ဆောင်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူတော့မယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က VOM ကိုပြောပါတယ်။

ဘယ်လိုအရေးယူမှုတွေ ဆောင်ရွက်သွားမလဲဆိုတာတွေနဲ့ မန္တလေးခရိုင်အတွင်းက ကိုဗစ်ထိမ်းချုပ်နိုင်မှုအခြေအနေ၊  ကွာရန်တင်းစင်တာတွေ တိုးမြှင့်ဆောင်ရွက်နေတဲ့ အနေအထားတွေနဲ့ ဆက်စပ်ပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် VOM သတင်းထောက် ကိုရှိုင်းအောင်က မေးမြန်းထားတာ ဖြစ်ပါတယ်။

 

VOM -မန္တလေးခရိုင်အတွင်းမှာ Semi Lockdown ကာလအတွင်း ကွာရန်တင်းစင်တာတွေနဲ့ ကွာရန်တင်း ဝင်နေရတဲ့သူတွေ အရေအတွက် မမျှတတာကြောင့် ကွာရန်တင်းစင်တာတွေ တိုးမြှင့်ဆောင်ရွက်ဖို့ အစီအစဉ်တွေရှိပါသလားခင်ဗျ ?

 

SPS – ကွာရန်တင်းစင်တာတွေကိုတော့ မန္တလေးတက္ကသိုလ်က ရွှေပြည်အေး၊ အောင်မင်္ဂလာအဆောင်တွေမှာ လူဦးရေ ၃၀၀ ကျော်ဆီဆံ့တဲ့ ကွာရန်တင်းစင်တာတစ်ခု၊  TTC မှာ ၁၆၀ ဦးဆန့် ကွာရန်တင်းစင်တာတွေ အပြင် MIT မှာ လူဦးရေ ၆၀၀ ကျော်ဆန့်တဲ့ ကွာရန်တင်းစင်တာတွေ တိုးမြှင့်ဆောင်ရွက်နေတယ်၊ MIT မှတော့ အပူတပြင်း ဆောင်ရွက်နေတယ် တကယ်လို့ ပြီးရင်တော့ အဲ့မှာ ၆၀၀ ကျော်ဆန့်မယ် လောလောဆယ်တော့ ရွှေပြည်အေးနဲ့ အောင်မင်္ဂလာကတော့ ထားနိုင်တဲ့ အနေအထားမှာရောက်နေပါပြီ အဆင်သင့် ပြင်ထားပြီးပါပြီ နောက်ပြီးတော့ TTC မှာ လက်ရှိ ၁၆၀ ရှိတဲ့အပြင် နောက်ထပ် ၁၆၀ အတွက် ထပ်ပြင်ထားပါတယ်။

 

VOM – တိုင်းအစိုးရက ချမှတ်ထားတဲ့ Semi Lockdown ကာလအတွင်းမှာ မြို့နယ်ကျော်တာတွေ ကျန်းမာရေးစည်းကမ်းမလိုက်နာသူတွေကို အရေးယူထားတာ အမှုအရေအတွက် ဘယ်လောက်ရှိပါပြီလည်း ခင်ဗျ။

 

SPS- အားလုံး မနေ့က တစ်ရက်တည်းကို ၇ မြို့နယ်မှာ ၉၉၃ မှုပေါ့နော်၊ ဒီဇင်ဘာ ၅ ရက်နေ့ကစပြီး မနေ့ကအထိ ၁၁၀၀၈ မှုရှိတယ် အားလုံး

 

VOM – နယ်ကျော်ကဒ်တွေကို အကန့်အသတ်နဲ့ လုပ်ပေးတာလား နယ်ကျော်ကတ်တွေကို အတုလုပ်တာ၊ ပွားတာမျိုးတွေ ရှိနေတဲ့အတွက် အရေးယူထားတာမျိုးတွေရှိပါသလား။

 

SPS – အဲ့ဒါတွေကို အခုကတော့ လုပ်နေပါတယ်။ မနေ့ကဆိုရင် Delivery တွေနဲ့ တချို့သူတွေ အတုကိုင်လာတာမျိုးတွေ တွေ့နေရတယ်။ မနေ့ကလည်း စစ်ဆေးတာတွေ့ရှိတယ် လက်မှတ်အတုကိုင်တာတို့ဘာတို့ မြို့နယ်အနေနဲ့ကလည်း အခြေခံစားကုန်တွေ စဝေတုန်းကလည်း ခုနပြောသလိုပေါ့ ပြည်သူလူထု ခက်များများကလည်း စာရင်းက ပေးပြီးရင်း ပြန်လာပေးရင်းဆိုတော့ စာရင်းမသေဘူးဗျ။ လေးခါရှိပြီ အခြေခံစားသောက်ကုန်ဝေတာ။ နယ်ကျော်လက်မှတ်ဆိုတာ ပေးသင့်ပေးထိုက်တယ်၊ သွားသင့် သွားထိုက်တယ် သူ့အလုပ်ရဲ့ သဘောသဘာဝကိုက နယ်ကျော်သွားမှ ရမယ်ဆိုရင်တော့ လိုအပ်တဲ့သူကိုပေးဖို့အတွက် စီစဉ်ထားတဲ့ဟာပါ။ ခက်တာက သူလည်းရချင် ကိုယ်လည်းရချင်ဆိုတော့ မြို့နယ်ရုံးမှာ သွားပြီးတော့ စုပြုံနေတာ အခုမှ ရပ်ကွက်ရုံးကို ပြန်ပြီးတော့ ရောက်လာတာပေါ့၊ အခု ဆရာဝန်တွေရဲ့  ကျန်းမာရေးကင်းရှင်းကြောင်းလက်မှတ်တွေကိုတောင် အတုလုပ်နေတယ်ဆိုတော့ ဘယ်လိုပြောရမလည်း ပူးပေါင်းဆောင်ရွက်မှုတော့ လိုပါတယ်။ သိပ်မလိုတော့ပါဘူးဗျာ ၅ ရက်နေ့ကနေစတယ် မနက်ဖြန်ဆိုရင်တောင် ၁၅ ရက် ရှိနေပြီ ဒီနေ့ကို စောင့်ကြည့်ရအုံးမယ်။ မနေ့ကကို ၃၀၀ ကျော်ဆိုတော့ ကျနော်တို့မှာ တိုးသွားတယ်ပေါ့။ နယ်ကျော်လက်မှတ်ဆိုတာ ပေးထားတဲ့ အတိုင်းအတာနဲ့ စစ်ရမယ့်အတိုင်းအတာနဲ့ သွားတဲ့ဟာဆိုတော့ သူက နည်းနည်းတော့ ပိုပြီးရှုပ်ထွေးတယ်ပေါ့နော် လိုအပ်သလို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ထိထိရောက်ရောက် အရေးယူမှာပါ။ အရေးယူပြီးသားသူတွေကိုလည်း မလိုလားအပ်တဲ့ဟာတွေမဖြစ်ဖို့လည်း ဝိုင်းပြီးထိန်းမှရမှာပါ။ ဒါကလည်း စာရွက်ပဲလေ လောလောဆယ်မှာ လိုအပ်လို့သာ ထိန်းနေရတာ အဓိကက ရောဂါပါပဲဗျ။

 

 

VOM – မန္တလေးခရိုင်အတွင်းမှာ Semi Lockdown အခြေအနေမှာ  ပိုးတွေ့လူနာနဲ့ကွာရန်တင်းဝင်နေရတဲ့ အရေအတွက်တွေပိုများလာတဲ့အတွက် တိုင်းအစိုးရရဲ့ စီမံခန့်ခွဲမှုတွေကို အားမရဘူး၊ ဒီတစ်ခေါက်မှာ တိုင်းအစိုးရအဖွဲ့ စာမေးပွဲကျတယ်ဆိုတာမျိုးတွေ ဝေဖန်မှုတွေရှိလာပါတယ်။ ဒါတွေဟာ ဘာကြောင့် ဒီရက်ပိုင်းမှာ အရေအတွက်က ပိုပြီးများပြားလာတယ်လို့ သုံးသပ်ပါသလဲခင်ဗျ။

 

SPS – ကျနော်တို့က ဒီလိုပေါ့လေ၊ အခုပြီးခဲ့တဲ့ကာလမှာဆိုရင် Stay at Home  သက်မှတ်ပေမယ့်လည်း အားလုံးလိုလိုက ဘယ်သူမှ စည်းကမ်းတကျ လိုက်နာဆောင်ရွက်တာလည်း မရှိသလောက်ပေါ့နော့်၊ အခု ၅ ရက်နေ့မှ စလုပ်တဲ့ဟာကတော့ မန္တလေး COVID-19 နဲ့ ပတ်သက်ပြီးတော့ တိုင်းအစိုးရက ဆောင်ရွက်တဲ့ဟာက ဒီတစ်ခါမှပဲ ထိထိမိမိလုပ်မိတယ်ပေါ့နော်၊ လုပ်တဲ့အပေါ်မှာလည်း ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင်ဖို့ နဂိုကလည်း အရေးကြီးသလို အခုလည်း အရေးကြီးနေတယ်ပေါ့နော်၊ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိဆိုတော့ ၂ ပတ် သက်မှတ်ထားတာပေါ့နော်၊ အခုလက်တလော ဒီနေ့ ၁၄ ရက်ဆိုရင် သဘောက ပြီးခဲ့တဲ့ လပိုင်တွေတုန်းက ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အနေအထားက အခုမှပဲ ကျနော်တို့က အခြေအနေတစ်ခုကို ရောက်လာတယ် ထိန်းနိုင်တယ်လို့ပဲ ပြောနိုင်တယ်ဆိုတော့ ကျနော်တို့ တိုင်းတာတဲ့အချိန်မှာ လောလောဆယ်တော့ မနေ့ကလည်း ၃၀၀ ကျော်ဆိုတော့ မကျသေးဘူးဆိုတဲ့ သဘောမှာတော့ ရောက်နေတာပေါ့နော်။ တိုင်းအစိုးရအနေနဲ့ အရေးယူဆောင်ရွက်တဲ့နေရာမှာလည်း အထောက်အကူတွေ လိုအပ်တဲ့ဟာတွေကို တာဝန်ယူပြီတော့ လုပ်ဆောင်ပေးနေတာပဲလေနော့ ကျနော်စိတ်အထင်ပေါ့ဗျာ ၂ ပတ်လောက် အဲ့လိုမျိုး ဖိဖိစီးစီးလုပ်မယ်ဆိုရင်တော့ ဒီ ၂ ပတ်ရဲ့ နောက်ပိုင်းလောက်ဆိုရင် ပိုးထိတဲ့ လူနာဦးရေ ကျကောင်းကျသွားမလားပေါ့နော်။

VOM – Semi Lockdown သက်မှတ်ထားတဲ့ ကာလမှာ အုပ်ချုပ်ရေးပိုင်းတွေက လိုတာထက်ပိုပြီးဆောင်ရွက်နေတာမျိုးတွေရှိတာကြောင့် ပြည်သူလူထုနဲ့ အငြင်းအခုန် အထိအတွေ့တွေရှိနေပါတယ်။ အဲ့လိုကိစ္စတွေ ပြဿနာတွေကို ဒီရက်ပိုင်းမှာ အများဆုံးဖြစ်နေတဲ့ အတွက် ဘယ်လိုကိုင်တွယ် ဖြေရှင်းဖို့ ရည်ရွယ်ထားပါသလဲခင်ဗျ။

 

SPS – တိုင်းအစိုးရအနေနဲ့လုပ်တဲ့ ရည်ရွယ်ချက်က လမ်းပေါ်မှာ လူအသွားအလာနည်းဖို့ပေါ့နော်။ တတိယလူအနေနဲ့ ကြည့်မယ်ဆိုရင်ပေါ့ ကျနော်တို့လိုချင်တာက အခုက ဘယ်လိုပြန်ဖြစ်လာသလဲဆိုရင် နယ်ကျော်လက်မှတ်တို့ ဘာတို့ ညာတို့ဆိုတာကလည်း တစ်ချို့ဆိုရင် အကြံအဖန်လုပ်လာတဲ့အနေအထားတွေမှာလည်းတွေ့တယ်ပေ့ါ၊ နောက်တစ်ခုက ဘယ်လိုရှိသလဲဆိုရင် ဥပမာ Delivery လုပ်တဲ့ စားသောက်ဆိုင်တို့ အဖွဲ့တွေဆိုရင် ခုနပြောသလို ပြန်ပွားတာတွေရှိတဲ့အတွက် စစ်ဆေးတဲ့ အပိုင်းအနေနဲ့ကတော့ ပြောဆိုဆက်ဆံတဲ့ ဟာမျိုးတွေကိုလည်း ကျနော်တို့ ဝန်ကြီးချုပ်ကြီးက အမိန့်အာဏာပေးတဲ့ ပုံစံနဲ့ မဟုတ်ပဲ စည်းရုံးရေးဆင်းတဲ့ အသွင်သဏ္ဍာန်နဲ့ လုပ်ပေးဖို့ စစ်ဆေးတဲ့ အဖွဲ့အစည်းအနေနဲ့လည်း လမ်းသွားလမ်းလာတွေကို Mask မတပ်တာတို့ Face Shield မတပ်တာတို့ စစ်ဆေးတဲ့အချိန်မှာလည်း စစ်ဆေးတဲ့သူကိုယ်တိုင်ကိုယ်ကလည်း Mask တို့ Face Shield တို့ တပ်ထားပြီးသားဖြစ်ရမယ်ဆိုတာကိုလည်း အခါအားလျော်စွာတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကုန်လုံးတော့ မှာထားတယ်။ တစ်ခုရှိတာက လမ်းပေါ်မှာ လူ ၁၀၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်ပဲ သွားလာစေချင်တာပေါ့ဗျာ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က အိမ်မှာရှိတဲ့လူ တစ်ဝက်လောက်က လမ်းပေါ်ပြန်ရောက်နေတော့ ဒုံရင်းက ဒုံရင်း ပြန်ဖြစ်နေတယ်လို့ ယူဆပါတယ်။ များသောအားဖြင့် သူလည်း နယ်ကျော်လက်မှတ်ရှိရင် ကိုယ်လည်း နယ်ကျော်လက်မှတ်ရှိချင်တယ်ဆိုတဲ့ ပုံစံတွေဖြစ်နေတယ်။ ဒါလေးတွေကလည်း ကျနော်တို့ အချင်းချင်းနားလည်မှုယူသင့်တယ်လို့ ယူဆတာပေါ့ဗျာ။ တစ်နိုင်ငံလုံးဖြစ်ဖြစ်၊ တစ်မြို့ထဲပဲ ဖြစ်ဖြစ် မန္တလေးတိုင်းပဲဖြစ်ဖြစ် ထိမ်းနိုင်မယ်ဆိုရင်တော့ အကျိုးကျေးဇူးကတော့ ခံစားရမှာပဲလေ အဲ့တော့ သူလည်းမထိန်း ကိုယ်လည်း မထိန်းဘူးဆိုတော့ အကုန်လုံးက နယ်ကျော်လက်မှတ်လာယူမယ်ဆိုရင် လမ်းပေါ်မှာ လူပြည့်လာမှာပဲပေါ့။

 

 

VOM – Semi Lockdown ကာလကိုရော ထပ်တိုးမြှင့်သွားဖို့ အစီအစဉ်ရှိပါသလားခင်ဗျ။

 

SPS –  Semi Lockdown ကတော့ အခုလက်ရှိမှာ ကျင့်သုံးနေတဲ့ စနစ်က ဥပမာတစ်ခုပေါ့နော် ဒီရပ်ကွက်တစ်ခုမှာ Semi Lockdown လုပ်မယ်၊ ဥပမာ ရဲစခန်းတွေဆိုရင် အမှတ် ၃ တို့ အမှတ် ၆ တို့ ဒီလိုမျိုးရဲစခန်းတွေမှာ ဒီလိုမျိုးဖြစ်တဲ့အချိန်မှာ သူတို့လည်း ဖိဖိစီးစီးတော့ လုပ်ရတယ်  ပြန်ရုတ်နေပြီ။ အခုကတော့ ကျနော်တို့ အမှတ် ၈ မှာ လုပ်နေပြီ နောက်တစ်ခါ ကျနော်တို့ စည်ပင်သာယာရေးဘဏ်ပေါ့ဗျာ ရတနာပုံဘဏ်အနေနဲ့ဆိုရင်   ဝန်ထမ်းထဲက တစ်ယောက်ကို Positive တွေတော့ လောလောဆယ်မှာ ဒီဘဏ်ကို တစ်ပတ်ခဏပိတ်မယ်ပေါ့ဗျာ၊ ဒီလိုတော့ လုပ်နေပါတယ်။ တက်နိုင်သလောက်တော့ လုပ်နေပါတယ်။

 

VOM – စားသောက်ဆိုင်တွေ စည်းကမ်းနဲ့အညီ ဖွင့်ပေးဖို့ရော အစီအစဉ်ရှိပါသလားခင်ဗျ။

 

SPS – ဒီဟာကတော့ အခုလောလောဆယ် ဒီနေ့ ကျနော်တို့ ဆွေးနွေးတဲ့အထဲမှာ မပါသေးဘူး၊ ပြီးခဲ့တဲ့ အပတ် ကိုဗစ်အစည်းအဝေးမှာလည်း မပါသေးဘူး။ ဒါပေမယ့် ဗဟိုက နိုင်ငံတော်ရဲ့ လူကြီတွေပြောတာကတော့ ဒီဇင်ဘာ ၁၆  ရက်နောက်ပိုင်းမှာပဲ အဓိကကျတဲ့ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ပေးမယ်လို့ ကျနော်တို့လည်း သတင်းသိထားရတယ်ပေါ့၊ ကျနော်တို့ ဆီမှာတော့ ဘာညွှန်ကြားချက်မှ မထုတ်သေးဘူး လို့

မန္တလေးတိုင်း အစိုးရအဖွဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ဖြေကြားထားပါတယ်။

 

လက်ရှိ မန္တလေးတိုင်းအတွင်းမှာ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ  COVID-19 ပိုးတွေ့လူနာစုစုပေါင်း ၉၂၉၁ ဦး၊ သေဆုံးသူ ၁၀၇ ဦး၊ ဟိုတယ် ကွာရန်တင်းဝင်နေသူ ၈၀၂ ဦး၊ Facility Quarantine ဝင်နေသူ ၅၇၇၆ ဦး ရှိနေပြီ ဖြစ်ပါတယ်။

 

မန္တလေးမြို့ပေါ်မှာ Hotel Quarantine ၁၀ ခု  လက်ရှိဆောင်ရွက်ဆဲ လူဦးရေ ၇၀၆ ဦး Fascility Quarantine ၁၀ ခု လက်ရှိဆောင်ရွက်ဆဲ လူဦးရေ ၁၈၆၀ ဦး ရှိတယ်လို့ တိုင်းအစိုးရကထုတ်ပြန်ထားပေမယ့်   မန္တလေးအားကာသိပ္ပံနဲ့ တက္ကသိုလ်တွေနဲ့ အထက်တန်းကျောင်းတွေမှာပါ ကွာရန်တင်းအတွက် နေရာသစ်တွေ တိုးချဲ့ နေရတယ်လို့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အပြောအရသိရပါတယ်။

#VOM #voiceofmyanmar #COVID-19 #Mandalay #မြို့နယ်ဝင်ထွက်ခွင့် #လက်မှတ်အတု#မန္တလေးကိုဗစ် #စိုင်းပန်းဆိုင်

Related posts

Leave a Comment

VOM News

FREE
VIEW