ရန်ကုန်မှာ ပထမဦးဆုံးအကြိမ် ထားဝယ်အမျိုးသားနေ့ အလံတင်ပွဲ ကျင်းပ

ဒီဇင်ဘာ ၁၅-၂၀၂၀
အေးချမ်းသူ(VOM)
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ မေဃဝတီကျောင်းတိုက်မှာ ဒီကနေ့မနက်ပိုင်းက ပထမဦးဆုံးအကြိမ် ထားဝယ်အမျိုးသားနေ့အလံတင်ပွဲ အခမ်းအနားကို ထားဝယ်လူမျိုးစုစည်းမှုကော်မတီက ဦးဆောင်ကျင်းပခဲ့ပါတယ်။
ထားဝယ်အမျိုးသားနေ့ကျင်းပရခြင်းနဲ့ပတ်သက်ပြီး ထားဝယ်လူမျိုးစုကော်မတီ တိုင်းအတွင်းရေးမှူး ဦးအာကာဖြိုးက “အလံတင်အခမ်းအနားပြုလုပ်တာ ထားဝယ်မှာဆို သုံးကြိမ်ပေါ့၊ ရန်ကုန်မှာ ပထမဦးဆုံးပဲ သုံးကြိမ်မြောက်ရေးထားတာက အားလုံးကိုကိုယ်စားပြုပြီးရေးထားတာ”လို့ VOMကိုပြောပါတယ်။
ထားဝယ်လူမျိုးတွေအ​ပြင် ကတူး၊ ကရင်၊ ရှမ်း၊ မွန် လူမျိုးတွေပါ အလံတင်ပွဲအခမ်းအနားကို စုစုပေါင်းလူဦးရေ ၃၀ခန့်တက်ရောက်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှ လာရောက်တဲ့ ပဒူးတိုင်းရင်းသား ကိုသန်းနိုင်က “အရင်က ထားဝယ်ဆို ကြားပဲကြားဖူးတာ မြင်တောင်မမြင်ဖူးဘူး၊ ကိုအာကာဖြိုးနဲ့ ခင်လို့လာတာ၊ ပဒူးနဲ့ထားဝယ်က အမျိုးသားရေးဖြတ်သန်းလာတာခြင်းအတူတူပဲလေ၊ ကျနော်တို့ ပဒူးအမျိုးသားနေ့လည်း သုံးကြိမ်ပဲရှိသေးတယ်”လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ်မှစတင်ကာ ထားဝယ်အမျိုးသားနေ့ကို သတ်မှတ်ခဲ့ပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ ပြုလုပ်ခဲ့ပေမယ့် ရန်ကုန်မှာတော့ အခုနှစ်မှ စတင်ပြုလုပ်ရခြင်းဖြစ်​တယ်လိုြထားဝယ်လူမျိုးစုကော်မတီမှ တိုင်းအတွင်းရေးမှူး ဦးအာကာဖြိုးက VOMကို ရှင်းပြပါတယ်။
ထားဝယ်အမျိုးသားနေ့ကို ရန်ကုန်မြို့မှာသာမက ထားဝယ်လူမျိုးအများဆုံးနေထိုင်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်တွေမှာလည်း တပြိုင်နက် ပြုလုပ်ကြ​တယ်လို့ ဦးအာကာဖြိုးကပြောပါတယ်။
သုံးကြိမ်မြောက်ထားဝယ်အမျိုးသားနေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်သက်လွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်တို့က ပြည်ထောင်စုအဆင့် သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW