ပုဂ္ဂလိကဆေးရုံမှာ ကိုဗစ်လူနာကုသခွင့်ရရင် ဆေးကုသစရိတ်အပြင် ၊ဆရာဝန်တွေရဲ့ PPEဝတ်စုံကိုပါ လူနာက ကျခံရမယ်

ဒီဇင်ဘာ ၁၆-၂၀၂၀
သိင်္ဂီထွန်း (VOM)

ရန်ကုန်တိုင်းထဲက ပုဂ္ဂလိကဆေးရုံတွေမှာ ဆေးကုသခွင့်ရတဲ့အခါ လာရောက်ကုသမှုခံယူမယ့်သူတွေဟာ ဆေးကုသမှုကုန်ကျစရိတ်အပြင် ဆရာဝန် ၊ဆရာမတွေရဲ့ PPE ဝတ်စုံဖိုး ကိုပါ ကုန်ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ပုဂ္ဂလိကဆေးရုံ ၄ ခုမှာ ကိုဗစ်အတည်ပြုလူနာတွေကို ကျန်းမာရေးကုသခွင့်ပြုဖို့ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနဆီကို တင်ပြထားရာ လက်ရှိမှာ ဆေးရုံ ၂ ခုက စစ်ဆေးမှုတွေလုပ်ပြီးသွားပြီလို့ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်ကပြောပါတယ်။

“အရင်ကိုဗစ်မဖြစ်ခင် ကုန်ကျမှုထက်တော့ ပိုများမယ်ဆိုပေမယ့် အများကြီးတော့မဟုတ်ဘူး။ ဆရာဝန်တွေ ဆရာမတွေ PPE တွေဝတ်ရမယ်။ ppe ကလည်း တစ်စုံ ၂၀၀၀၀ ကျော်လောက်ကျတာကိုး၊ ဒီအချိန်မှာ စားဖို့သောက်ဖို့ကလည်း ဆေးရုံကစီစဉ်ပေးရမယ်၊ အပြင်လူအဝင်အထွက် ခွင့်ပြုလို့မရဘူး၊ ဒီတော့ စားရေးသောက်ရေးနဲ့ PPE ဖိုးပဲ ကျန်တာကတော့ တကယ်လို့အောက်ဆီဂျင်လိုရင် အောက်ဆီဂျင်ကတော့ ကိုဗစ်မှာသုံးတဲ့ပမာဏကများတော့ အောက်ဆီဂျင်ဖိုးကုန်မယ်၊ကျန်တာကတော့ သိပ်ပြီးကွဲကွဲပါးပြားမရှိပါဘူး။ ပုဂ္ဂလိကကျ ကိုယ်လိုချင်တဲ့အခန်းလေးရွေးနေလို့ရမယ်၊ သက်တောင့်သက်သာရှိမယ်။ အဲ့ဒီလိုတော့ ကွာခြားမှုလေးရှိတယ်။ ကုန်ကျမှုကတော့ နည်းနည်းပိုများမှာပေါ့”လို့ ဒေါက်တာထင်ပေါ်ကပြောပါတယ်။

ဆေးရုံတွေက ပန်းလှိုင်ဆေးရုံ၊ အကယ်ဒမီဆေးရုံ၊ ရွှေလမင်းဆေးရုံ၊ SSC ဆေးရုံတွေဖြစ်ပြီး စစ်ဆေးမှုလုပ်ပြီးတဲ့ဆေးရုံကတော့ ပန်းလိူင်ဆေးရုံနဲ့ အကယ်ဒမီဆေးရုံတို့ပဲဖြစ်ပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာကုသခွင့်မပြုသေးချိန်မှာတော့ ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးမှုအပိုင်းကို စနစ်တကျနဲ့ ခွင့်ပြုပေးမယ်ဆိုရင် အနံ့မရလို့ စစ်ဆေးချင်သူတွေအတွက် အဆင်ပြေနိုင်သလို ပိုးရှိလူနာ၊ ပိုးမရှိလူနာကိုလည်း သိရှိပြီး အမြန်ဆုံးကုသမှုပေးနိုင်မယ်လို့ ဒေါက်တာထင်ပေါ်ကပြောပါတယ်။

“ပုဂ္ဂလိကဆေးရုံတက်မယ်ဆိုရင်တော့ လူနာဘက်ကကုန်ကျခံရမယ့်ကိစ္စတွေရှိလာမှာဖြစ်ပါတယ်။ အလကားတော့ ကုသပေးမှာမဟုတ်ပါဘူး၊ သူတို့မှာလည်း ဝန်ထမ်းစရိတ် အခြားကုန်ကျစရိတ်တွေရှိတယ်။ နမူနာပြောရရင် ကွာရန်တင်းလို FQ ဝင်မလား၊ မိမိဘာသာ Hotel Qဝင်မလားပေါ့၊ HQ ဝင်ရင်တော့ ဟိုတယ်ကသတ်မှတ်ထားတဲ့ charges ကိုပေးရမှာဖြစ်ပါတယ်”လို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာခင်ခင်ကြီး ကပြောဆိုထားပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်လူနာတွေကို ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာ၊ လှိုင်တက္ကသိုလ် ၊ ဒဂုံဆိပ်ကမ်း၊ ဝေဘာဂီ၊ တောင်ဥက္ကလာ ဆေးရုံ၊ သုဝဏ္ဍ ယာယီဆေးရုံ စတဲ့ ကိုဗစ်ကုသရေးစင်တာတွေနဲ့ ဆေးရုံတွေမှာ ဆေးကုသမှုပေးနေပေမယ့်လည်း ရန်ကုန်တိုင်းအတွင်း ကိုဗစ် ကူးစက်မှုကမြှင့်တက်နေတာကြောင့် ဆေးရုံတက်ရမယ့် လူနာထပ်တိုးလာနိုင်တဲ့အတွက် ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ လက်ခံကုသခွင့်ပြုဖို့ မူအားဖြင့် သဘောတူကြောင်းကို စက်တင်ဘာလ တတိယပတ်ထဲမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေကို ဆေးကုသဖို့ ခွင့်ပြုပေးခြင်းမရှိသေးသလို၊ ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးပေးဖို့ကိုလည်း ခွင့်ပြုပေးခြင်းမရှိသေးပါဘူး။

ဒီကနေအချိန်ထိ မြန်မာနိုင်ငံရဲ့ကိုဗစ်ရောဂါကူးစက်မှုဒေသတွေထဲမှာ ရန်ကုန်တိုင်းက ရောဂါကူးစက်မှု အများဆုံး နဲ့ သေဆုံးမှုအများဆုံးအဖြစ်ရှိနေပါတယ်။

Photo – MOHS
#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ်လူနာ #ပုဂ္ဂလိကဆေးရုံကုသခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW