အမြန်လမ်းရဲတပ်ဖွဲ့ဝင်တွေမှာ ကိုဗစ်ပိုးတွေ့၊ ရဲစခန်းကို Lock Down သတ်မှတ်

ဒီဇင်ဘာ ၁၇-၂၀၂၀
ကောင်းလက်ျာ(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်းမ ဘောနတ်ကြီး အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးမှာ Covid-19 ပိုး စစ်ဆေးတွေ့ရှိခဲ့တာ‌ကြောင့် ရဲစခန်းတစ်ခုလုံးကို Lock Down သတ်မှတ်လိုက်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” ၁၆ ရက်နေ့က ရဲတပ်ဖွဲ့ဝင်အချို့RDT စနစ်နဲ့ စမ်းသပ်စစ်ဆေးချိန် ကိုဗစ်ကူးစက်ခံရသူရှိလာလို့ ထိတွေ့သူတွေထပ်စစ်ရာက ၁၃ ယောက် Covid-19 ရောဂါတွေ့တာပါ။ လူနာတွေကို ပဲခူးမြို့က ကုသရေးစခန်း ပို့လိုက်ပြီ”လို့ ဘောနတ်ကြီး အမြန်လမ်းရဲတပ်ဖွဲ့စခန်း တာဝန်ရှိ
သူတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၆ရက်နေ့က ဘောနတ်ကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ဖျားနာပြီး အနံမရတာမျိုးဖြစ်တာကြောင့် ရောဂါပိုးရှိ၊မရှိ စစ်ဆေးရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာဖြစ်ပြီး ထိတွေ့မှုရှိသူတွေကိုပါ ဆက်လက်စစ်ဆေးရာ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၃ ဦးမှာ Covid-19 ရောဂါ ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

အဲ့ဒီရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူတွေ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် စခန်းပြင်ပ တာဝန်ထမ်းနေသူတွေနဲ့ နယ်မြေခံ ရဲကင်းစခန်း ရဲတပ်ဖွဲ့ဝင်တွေက ရဲလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပေးနေပြီး ရဲတပ်ဖွဲ့စခန်းကိုတော့ ပြန်ဝင်ရောက်ခွင့်မပြုတော့ဘူးလို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးအဆင့်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

” စခန်းကိုလော့ခ်ဒေါင်းလို လုပ်ထားလိုက်တယ်။ အပြင်ထွက်ခွင့်မပြုသလို ဝင်ခွင့်လည်း ပိတ်တယ်။ စခန်းဝင်းထဲမှာ တပ်ဖွဲ့ဝင်နဲ့မိသားစုဝင် ၃၀ ကျော်ရှိမယ်”လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးအဆင့်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အစပ်က မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အထိ မိုင်ပေါင်း ၃၃၆ ‌မိုင်ရှည်လျားတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဟာ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးရဲ့ကွပ်ကဲမှုနဲ့ လုံခြုံရေးဆောင်ရွက်ပေး‌နေပြီး ရဲစခန်း ၁၆ ခု၊ ရဲတပ်ဖွဲ့ဝင် ၉၀၀ ကျော်တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

Photo – အမြန်လမ်းရဲတပ်ဖွဲ့
#voiceofmyanmar #VOM #အမြန်လမ်း #ရဲတပ်ဖွဲ့ဝင်၁၃ဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW