မူးယစ်ဆေးဝါးတွေကို ငွေကြေးယူပြီးသယ်ဆောင်ပေးသူတွေ မိုးကုတ်မှာဖမ်းမိ

ဒီဇင်ဘာ ၁၇-၂၀၂၀
သက်ထားခင်(VOM)
မိုးကုတ်မြို့၊ လယ်ကြီးရဲကင်းရှေ့မှာ ပိတ်ဆို့ရှာဖွေမှုပြုလုပ်နေချိန် ယာဥ်တစ်စီးကို စစ်ဆေးလိုက်ရာကနေ ငွေကြေးယူပြီးတော့ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့သူတွေကို မ​နေ့ ဒီဇင်ဘာ ၁၆ရက် ညနေပိုင်းမှာ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ မိုးကုတ်မြို့မရဲစခန်းကနေ သိရပါတယ်။
“ဒီဇင်ဘာ ၁၅ရက် ညနေလောက်က မိတာပါ၊ အမှုဖွင့်တာတော့ ဒီဇင်ဘာ ၁၆မှာဖွင့်တာပါ၊ သူတို့က ငွေယူပြီးတော့ သယ်လာတာပါ၊ ကွင်းဆက်တော့ လိုက်နေတုန်း မမိသေးပါဘူး၊ သီပေါကလည်း လိုက်နေတုန်းပါ”လို့ မိုးကုတ်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လယ်ကြီးရဲကင်းရှေ့မှာ သက်ဆိုင်ရာအဖွဲ့က ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေချိန် ဆန်းကျော်ဦးဆိုသူ မောင်းလာတဲ့ အပြာရောင် ၆ ဘီးယာဥ်ကို ရပ်တန့်ခိုင်းပြီး စစ်ဆေးလိုက်ချိန် ကားနောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းကို သံဂေဟေပိတ်ထားတဲ့အတွက် မူးယစ်ဆေးဝါးတွေလို့ ယူဆရတာကြောင့် သက်ဆိုင်ရာမူးယစ်ရုံးကို ခေါ်ဆောင်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ ယာဥ်နောက်ခန်းကြမ်းခင်းကို ဖွင့်ဖောက်စစ်ဆေးလိုက်ချိန် ဘိန်းဖြူလို့ယူဆရတဲ့ ဖြူဝါရောင်အမှုန့် အလေးချိန် ၁၀ဂရမ်ခန့်စီအပါ ရောင်စုံဆပ်ပြာခွက် ၂,၇၃၅ ခွက်၊ ဒေသပေါက်စျေးအရ သိန်း ၂၀၀၀နီးပါးကို တွေ့ရှိခဲ့ပါတယ်။
ဆန်းကျော်ဦးဆိုသူကို စစ်ဆေးလိုက်ရာမှာတော့ သီပေါမြို့ကနေ မိုးကုတ်မြို့ကို ယာဥ်မောင်းနှင်ပေးပါက ငွေကျပ် ၁၅ သိန်းပေးမယ်လို့ စိုင်းမင်းသူ နဲ့ ဆန်းမင်းနိုင် တို၂ဦးက ဆက်သွယ်ပြောဆိုခဲ့တဲ့အတွက် မောင်းနှင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စိုင်းမင်းသူနဲ့ ဆန်းမင်းနိုင်ကလည်း ရှေ့ပြေးယာဥ်အနေနဲ့ မောင်းနှင်ခဲ့တယ်လို့ စစ်ဆေးရရှိခဲ့တာကြောင့် သက်ဆိုင်ရာအဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနှစ်ယောက်ကို စစ်ဆေးလိုက်ချိန်မှာတော့ သီပေါမြို့က အမည်မသိအမျိုးသားတစ်ဦးက မူးယစ်ဆေးဝါးတွေကို မိုးညှင်းမြို့ကိုသွားရောက်ပို့ဆောင်ပေးဖို့နဲ့ သယ်ဆောင်ခအဖြစ် ငွေကျပ်၃၅သိန်း ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် မူးယစ်ဆေးသယ်ဆောင်လာသူ ၃ဦးကို မိုးကုတ်မြို့မရဲစခန်းမှာ မယ(ပ)၁၅၇/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW