ရန်ကုန်က လူစည်တတ်တဲ့နေရာတွေကို ယာယီပိတ်မယ်

ဒီဇင်ဘာ ၁၉-၂၀၂၀
ယဉ်ပပထွန်း (VOM)
ရန်ကုန်တိုင်းအတွင်းက ကန်တော်ကြီး ၊ အင်းယားကန်ဘောင်အပါအဝင် ပန်းခြံနဲ့ အားကစားကွင်းတွေအားလုံးကို လူစုလူဝေးမဖြစ်ပေါ်စေဖို့ ဒီဇင်ဘာ ၂၁ ရက်ကနေ ၃၁ ရက်အထိ ယာယီခေတ္တပိတ်ထားမယ်လို့ သိရပါတယ်။
ခရစ္စမတ်ကာလနဲ့ နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းအတွင်းမှာရှိနေတဲ့ အများပြည်သူ စုဝေးတတ်တဲ့နေရာအားလုံးကို အခုလို ခေတ္တပိတ်ဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
“ ကန်တော်ကြီးက နောက်ဆုံးအပိုဒ်မှာ ရေးထားတာ ရှိပါတယ်။ ပန်းခြံနဲ့ကစားကွင်းအားလုံးကို ဆိုထားပါတယ်။ ညွှန်ကြားချက်အတိုင်းပဲ ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ“လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့  အားကစားကွင်းများဌာနက ညွှန်ကြားရေးမှူး ဦးမင်းအောင်က VOMကိုပြောပါတယ်။
အဲ့ဒီလုပ်ဆောင်ခြင်းဟာ ရန်ကုန်တိုင်းအတွင်း Stay Home သတ်မှတ်ထားတဲ့ နေရာတွေမှာဆိုရင် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိဘဲ ပြင်ပကိုသွားလာနေကျတဲ့အတွက် လိုအပ်တဲ့ သတိပေး စစ်ဆေးတင်းကြပ်မှုတွေ ဆောင်ရွက်သွားဖို့ ရန်ကုန်တိုင်းCovid – 19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက ရန်ကုန်စည်ပင်သာယာရေးကော်မတီကို အကြောင်းကြားခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ်က  Covid – 19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဝင် ဒေါက်တာကျော်စွာဦးကလည်း ” လက်ရှိ သင်္ဃန်းကျွန်းက သုဝဏ္ဏပန်းခြံ နဲ့ ပြည်ထောင်စုပန်းခြံကိုလဲ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပိတ်ဖို့အတွက် အကြောင်းကြားလာပါပြီ”လို့ ပြောပါတယ်။
ရန်ကုန်မြို့လယ်ခေါင်မှာရှိနေတဲ့ မဟာဗန္ဓုလပန်းခြံကိုတော့ လူစုလူဝေးဖြစ်ပေါ်နေတာကြောင့် ဒီဇင်ဘာ ၇ ရက် မနက် ၄ နာရီကနေစပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားတာလည်း ဖြစ်ပါတယ်။
Photo – ရွှေအင်းသား ခင်မောင်ဝင်း
#voiceofmyanmar #VOM #ရန်ကုန် #လူစည်တဲ့နေရာ #ယာယီပိတ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW