ဂျပန်နိုင်ငံက တရုတ်ကိုတန်ပြန်ဖို့ စစ်အသုံးစရိတ် ဒေါ်လာ ၅၁ ဒသမ ၇ ဘီလီယံထိ စံချိန်တင်သုံးမယ်

တိုကျို၊ ဒီဇင်ဘာ-၂၁-၂၀၂၀
မျိုးဆက် (VOM)

ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါရဲ့ဂျပန်အစိုးရဟာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့အတွက် ကိုယ်ပျောက်တိုက်လေယာဉ်နဲ့ သင်္ဘောဖျက် တာဝေးပစ်ဒုံးပျံတွေထုတ်လုပ်ရေး ရန်ပုံငွေအပါအဝင် စစ်ရေးအသုံးစရိတ် ကိုးနှစ်ဆက်တိုက်တိုးမြင့်မှုကို ဒီဇင်ဘာ ၂၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဧပြီလမှစတင်မယ့် ဘဏ္ဍာရေးနှစ်အတွက် ဒေါ်လာ ၅၁ ဒသမ ၇ ဘီလီယံထိ ကာကွယ်ရေးအသုံးစရိတ်စံချိန်တင်ရရှိမှာဖြစ်ပြီး အခုနှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း ပိုမိုများပြားပါတယ်။

ဝန်ကြီးချုပ် ဆူဂါဟာ အိမ်နီးချင်းတရုတ်နိုင်ငံအပါအဝင် အလားအလာရှိတဲ့ ရန်သူတွေကိုကာကွယ်ဖို့ ပိုမိုကောင်းမွန်တဲ့ စွမ်းရည်ရှိတဲ့ တိုက်လေယာဉ်၊ ဒုံးပျံနှင့်လေယာဉ်တင်သင်္ဘောသစ်တွေ တည်ဆောက်ဖို့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ အငြင်းပွားဖွယ်စစ်ရေးတိုးချဲ့မှုကို ဆက်လက်အကောင် အထည်ဖော်နေပါတယ်။

တရုတ်နိုင်ငံကလည်း သူ့ရဲ့ စစ်ရေးအသုံးစရိတ်ကို အခုနှစ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ စီစဉ်နေပြီး ဆယ်စုနှစ်သုံးခုအတွင်း ဒါဟာ အနိမ့်ဆုံးဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ တာဝေးပစ်ဒုံးပျံတွေကို ဝယ်ယူပြီး တရုတ်၊ မြောက်ကိုရီးယားနဲ့ အခြားအာရှဒေသရှိ ဝေးလံတဲ့ မြေပြင်ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့အတွက် သူ့ရဲ့စစ်ဘက်ကို လက်နက်တပ်ဆင်ပေးပြီး လေ့ကျင့်ဖို့ စဉ်းစားနေပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW