ကုန်တင်ရေယာဉ်လှိုင်းပုတ်လို့ စက်လှေ ၁ စီးနစ်မြုပ်၊ လူ ၂ ယောက် ပျောက်ဆုံးနေ

ခန္တီး ၊ဒီဇင်ဘာ ၂၂ ၊ ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ အနောက်ကောက်တောင်ကျေးရွာ၊ နန်မဆိုင်း ချောင်းဝအနီး ချင်းတွင်းမြစ်ထဲမှာ မနေ့ ဒီဇင်ဘာ ၂၁ ညနေပိုင်းက ကုန်တင်ရေယာဉ်မောင်းလာချိန် လှိုင်းလုံးတွေရိုက်ပုတ်မှုကြောင့် စက်လှေ ၁ စီးနစ်မြုပ်ပြီး လူ၂ ယောက် ရေနစ်ပျောက်ဆုံးနေတယ်လို့ အနောက်ကောက်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

” စက်လှေပေါ်မှာ လူ ၈ ယောက် လိုက်ပါလာတယ်၊ ကလေး ၃ ယောက် နဲ့ လူကြီး ၅ ယောက်ဖြစ်တယ် “လို့ အနောက်ကောက်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဆန်းက ပြောပါတယ်။

အနောက်ကောက်တောင်ကျေးရွာမှာနေတဲ့ ဦးအောင်မြင့်ဦးဆိုသူဟာ အသက် ၅ နှစ်အရွယ်နဲ့ ၁၀ နှစ်အရွယ် သား ၂ ယောက်နဲ့အတူ အသက် ၁၂ နှစ်အရွယ် သမီး ၁ ယောက်ကိုပါ အဲ့ဒီ စက်လှေပေါ် တင်ဆောင်ကာ ဧည့်သည် ၂ ယောက်ကို နန်မဆိုင်းချောင်းဝနေရာကို လိုက်ပို့ပြီး အပြန် စက်လှေဟာ စက်နှိုးမရဘဲ ရေထဲမျှောနေတဲ့အချိန် ကမ်းစပ်နဲ့ ကိုက် ၅၀ အကွာ၊ စက်လှေနဲ့ ပေ ၂၀ ခန့်မှာ ကုန်တင်ရေယာဉ် ၁ စီး ခုတ်မောင်းလာတဲ့အချိန် လှိုင်းလုံးတွေ ရိုက်ပုတ်တာကြောင့် အဲ့ဒီ စက်လှေနစ်မြုပ်သွားတာဖြစ်ပါတယ်။

“စက်လှေ နစ်မြုပ်တဲ့အချိန်က စက်လှေပေါ်မှာ လူ ၆ ယောက်ပါတယ်၊ အဲ့ဒီက လူ ၄ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ် ” လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးနေတဲ့ အနောက်ကောက်တောင်အုပ်စုက မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရေနစ်ပျောက်ဆုံးနေတဲ့ စက်လှေမောင်းလာသူ ဦးအောင်မြင့်ဦးနဲ့ သူရဲ့သားဖြစ်သူ မောင်အောင်မြင့်နိုင် အသက် ၅ နှစ်တို့ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းအထိ ရှာဖွေမတွေ့ရှိသေးပါဘူး။

#voiceofmyanmar #VOM #ခန္တီး #စက်လှေမြုပ် #လူ၂ဦးပျောက်ဆုံးနေ

Related posts

Leave a Comment

VOM News

FREE
VIEW