ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အန္တာတိကတိုက်ထိရောက်ရှိပြီး တိုက်ကြီးခုနှစ်တိုက်စလုံးမှာ ပျံ့နှံ့

ဆန်တီယာဂို၊ ဒီဇင်ဘာ ၂၃-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိဘူးလို့သတ်မှတ်ထားခဲ့တဲ့ အန္တာတိကတိုက်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့တိုက်ကြီးခုနှစ်တိုက်စလုံးကို ခြေဆန့်ခဲ့ပြီဖြစ်ပါတယ်။

အန္တာတိကကျွန်းဆွယ်ပေါ်က Bernardo O’Higgins သုတေသနစခန်းမှာရှိတဲ့ အမှုထမ်း ၃၆ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ ချီလီတပ်မတော်က ထုတ်ပြန်ပါတယ်။

အဲ့ဒီ ၃၆ ဦးထဲက ၂၆ ဦးဟာ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန် ၁၀ ဦးကတော့ ပြုပြင်ထိန်းသိမ်းရေး အလုပ်သမားတွေဖြစ်ပြီး သူတို့ကို ချီလီသို့ပြန်ခေါ်ခဲ့ပါတယ်။

ဒီလိုကူးစက်ခံရမှုဟာ သုတေသနစခန်းကို ထောက်ပံ့ရေးပစ္စည်းနဲ့ ဝန်ထမ်းတွေပို့တဲ့သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦးတွေ့ရှိခဲ့တယ်လို့ ချီလီစစ်ဘက်က အတည်ပြုပြီးနောက် ရက်အနည်းငယ်အကြာမှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

Sargento Aldea သင်္ဘောဟာ နိုဝင်ဘာ ၂၇ ရက်မှာ သုတေသနစခန်းကို ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်မှာ ချီလီနိုင်ငံကို ပြန်လည်ခုတ်မောင်းခဲ့ပါတယ်။ သင်္ဘောပေါ်က အမှုထမ်းသုံးဦးဟာ ချီလီကိုပြန်ရောက်တဲ့အချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒီလိုအတည်ပြုခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့တိုက်ကြီးခုနှစ်တိုက်စလုံးမှာ ကူးစက်ပျံ့နှံ့ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဆန်တီယာဂို

Related posts

Leave a Comment

VOM News

FREE
VIEW