ကျောက်တော်က ဒေသခံတွေကို တပ်မတော်က ရိုက်နှက်စစ်ဆေးတဲ့ကိစ္စ မိသားစုဝင်တွေအတည်ပြု

ဒီဇင်ဘာ ၂၃-၂၀၂၀
ထက်အောင်စိုင်း (VOM)

မြောက်ဦးခရိုင်အတွင်း၊ ကျော်တော်မြို့နယ်မှာ မနေ့ ဒီဇင်ဘာ ၂၂ရက်နေ့ ည ၇ နာရီခန့်က အပေါက်ဝကျေးရွာမှာရှိတဲ့ ဒေသခံလူငယ်တွေကို တပ်မတော်က နေအိမ်ကနေခေါ်ဆောင်ကာ ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်တွေကပြောပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာပါဝင်တဲ့ ကိုအောင်နေဝင်းရဲ့ ဖခင်ဖြစ်သူပြောပြတာက” ဦးလေးရဲ့သားက သူ့သူငယ်ချင်းနဲ့ အိမ်ပေါ်မှာ ဖုန်းဘက်ထရီ ဖြည့်နေတယ်။ ဘက်ထရီဖြည့်ပြီးလို့ အပြင်သွားမယ်ပြောတယ်။ ပြောတော့ စစ်သားတွေက အိမ်အနီးမှာရောက်နေပြီ။ ဒီအိမ်ကလားဆိုပြီး စစ်သားတွေက မေးတယ်လို့ ပြောတယ်။ ဟုတ်တယ်လို့ ပြန်ပြောတာပေါ့။ ဆိုတော့ သားလေးကို တံခါးဖွင့်ခိုင်းတယ်။ ကျန်တစ်ယောက်ကိုတော့ မီးဖွင့်ခိုင်းတယ်။ စစ်သားတွေက ထွက်လာခဲ့လို့ ပြောတော့ နှစ်ယောက်လုံးထွက်သွားကြတယ်။ ထွက်သွားတော့ ကျနော့်သားလေးကို ခေါ်ထားလိုက်ပြီး သူ့သူငယ်ချင်းကို ပြန်လွှတ်လိုက်တယ်။ သားလေးကို ရိုက်နှက်ပြီးခေါ်သွားတယ်။ ၈ နာရီလောက်မှ ပြန်လွှတ်ပေးလိုက်တော့၊ တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ ဆေးရုံသွားဖို့လုပ်တော့ ဆေးရုံမှာ စစ်သားတွေရှိလို့ မနက်ကျမှပဲ အပေါက်ဝဆေးရုံမှာ ပြရတယ်” လို့ ပြောပါတယ်။

ရိုက်နှက်စစ်ဆေးခံရတဲ့ ကိုအောင်နေဝင်းမှာ မျက်နှာဒဏ်ရာ၊ ပေါင်နဲ့ ခြေသလုံးဒဏ်ရာတွေအပြင် ကျောကုန်းမှာလည်း ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး မနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းလောက်မှာပဲ အပေါက်ဝကျေးရွာက ဦးမောင်ကြီးရဲ့သားတွေဖြစ်တဲ့ ကိုလုံးချေနဲ့ ညီဖြစ်သူ ကိုငမဲချေတို့ဟာ စပါးရိုက်သိမ်းပြီး ရွာကိုပြန်လာချိန် လမ်းခုလတ်မှာ တပ်မတော်သားတွေရဲ့ ခေါ်ယူစစ်ဆေး ရိုက်နှက်မှုကို ခံခဲ့ရကြောင်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲ့ဒီဒေသခံပြောတာက”သူတို့နှစ်ယောက်က စပါးရိုက်သိမ်းပြီး ပြန်အလာမှာ စစ်သားတွေနဲ့ တွေ့တယ်လို့ ပြောတယ်။ တွေ့တော့ မင်းတို့ဘယ်ကလာတာလဲဆိုပြီး စစ်ဆေး ရိုက်နှက်တာတွေလုပ်တယ်လို့ ပြောတယ်။ သူတို့ကလည်း စပါးရိုက်သိမ်းပြီးလို့ ရွာကိုပြန်လာတာလို့ ပြောတယ်လို့ ပြောတယ်။ ဆန်နှစ်အိတ်ပေးမှ ပြန်လွှတ်ပေးမယ်ဆိုလို့ ဆန်နှစ်အိတ်ပေးပြီး ညနေပိုင်း ၈ နာရီကျော်လောက်မှာ ပြန်လွှတ်လာတယ်”လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံ/နယ် ဝန်ကြီးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

တပ်မတော်အနေနဲ့ အခုလိုမျိုးပြည်သူတွေအပေါ်မလုပ်သင့်ကြောင်းနဲ့ မိမိအိမ်မှာ နေထိုင်နေတာကို အခုလိုမျိုး ဖမ်းဆီးရိုက်နှက်တာတွေမလုပ်သင့်ဘူးလို့ ရိုက်နှက်ခံရတဲ့ ကိုအောင်နေဝင်းရဲ့ ဖခင်ဖြစ်သူ ဦးသိန်းထွန်းက ပြောပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #ဒေသခံရိုက်နှက်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW