ကျောက်တော်မြို့မှာ ရွှေဆိုင်အပါအဝင် ဆိုင်ခန်း ၇ခန်း မီးလောင်မှုဖြစ်ပွား

ဒီဇင်ဘာ ၂၃-၂၀၂၀
ထက်အောင်စိုင်း (VOM)

မြောင်ဦးခရိုင်၊ ကျောက်တော်မြို့ပေါ်မှာ မနေ့ ဒီဇင်ဘာ ၂၂ရက် ည ၁၂ နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားပြီး ရွှေဆိုင်တစ်ဆိုင်အပါအဝင် ဆိုင်ခန်း (၇) ခန်းမီးလောင်ခဲ့တယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေကပြောပါတယ်။

မီးလောင်ရာမှာ ပါသွားတဲ့ ဆိုင်ခန်းအမျိုးအစားတွေဟာ ရွှေဆိုင် (၁)ဆိုင်၊ ဆံပင်ညှပ်ဆိုင် (၂) ဆိုင်၊ ဖုန်းပြုပြင်ဆိုင် (၁) ဆိုင်၊ ဘီယာဆိုင် (၂) ဆိုင်နဲ့ ပန်းထိမ်ဆိုင်ခန်း (၁) ခန်း ပါဝင်ပြီး ဆိုင်ခန်းပိုင်ရှင်ပြောပြချက်အရ ဆုံးရှုံးမှုတန်ဖိုး သိန်း ၉၀၀နီးပါးရှိတယ်လို့ သိရပါတယ်။

မီးလောင်ရာမှာပါသွားတဲ့ ဆံပင်ညှပ်ဆိုင်ခန်းပိုင်ရှင် ဦးလှမောင်က” မီးလောင်တာကတော့ ဟုတ်ပါတယ်။ ဘယ်လိုလောင်တယ်ဆိုတာလည်း ကျနော်တို့မသိဘူး။ ကျနော်တို့ သိတဲ့အခါပြာကျသွားပြီ။ အုတ်နံရံတွေလောက်ပဲ ကျန်ခဲ့တယ်။ အခုလိုမျိုး စီးပွားရေးကျပ်တည်းနေချိန်မှာ ဆိုင်ခန်းတွေမီးလောင်ဆုံးရှုံးသွာတာကြောင့် လုပ်ကိုင်စားသောက်ဖို့ လမ်းစမမြင်တော့ဘူး၊ အစိုးရဆီက အကူအညီလိုချင်ပါတယ်။ ဒါပေမယ့် ရ၊မရဆိုတာ မပြောတတ်ဘူး။ တိုင်းပြည်အခြေအနေကလည်း မငြိမ်းမချမ်းဖြစ်နေရာမှာ အခုလိုဖြစ်သွားတော့ လုပ်ကိုင်စားသောက်ဖို့က အခက်အခဲ အများကြီး ရှိပါတယ်”လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဌေးမင်းနိုင်ကတော့ မီးလောင်မှုဖြစ်စဉ်ဟုတ်မှန်ကြောင်း အတည်ပြုပြီး ဆုံးရှုံးမှုတန်ဖိုး (၃၈) သိန်းကျော်ရှိတယ်လို့ ပြောပါတယ်။

မီးလောင်မှုဟာ ပေါ့ဆမီးဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီဌနကပြောဆိုပြီး ရဲတပ်ဖွဖွဲ့က အမှုဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #မီးလောင်မှုဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW