မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီးက ဌာနခွဲစာရေးကို ထောင်ဒဏ်နှစ်နှစ်ချမှတ်

ဒီဇင်ဘာ ၂၃-၂၀၂၀
သက်ထားခင်(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အရိုးအထူးကုဆေးရုံကြီးမှာ စက်ဘီး၊ဆိုင်ကယ်အပ်နှံခကောက်ခြင်း တင်ဒါရရှိအောင်ဆောင်ရွက်ပေးမယ်ဆိုပြီး ငွေကြေးတောင်းခံခဲ့တဲ့ ဌာနခွဲစာရေး ဦးအောင်ကျော်ဦး (အခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန)ကို ဒီကနေ့ နေ့လယ်ပိုင်းက ချမ်းမြသာစည်တရားရုံးကနေ ထောင်ဒဏ်(၂) နှစ်ချမှတ်လိုက်ပါတယ်။

“နေ့လယ်က အမိန့်ချတာပါ၊ တစ်ဦးချင်းစီမှာ သူပြုမှုတာတွေမတူလို့ သီးခြားစီကျခံစေဖို့ အမိန့်ချခဲ့တာပါ၊ ချုပ်ရက်ခံစားခွင့်ပြုထားပါတယ်”လို့ ချမ်းမြသာစည်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဦးအောင်ကျော်ဦးကို အဂတိလိုက်စားတယ်ဆိုပြီးတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၇ နဲ့ အမှုဖွင့်တရားဆိုခဲ့တာဖြစ်ပါတယ်။

ချမ်းမြသာစည်မြို့နယ်တရားရုံးကနေ ရာဇဝတ်ကြီးအမှုအမှတ်- ၇၉/၂၀၂၀ နဲ့ ရာဇဝတ်ကြီးအမှုအမှတ်- ၈၀/၂၀၂၀ အရ အမှု ၂မှု နဲ့ လက်ခံစစ်ဆေးခဲ့ပြီး ရာဇဝတ်ကြီးအမှုအမှတ်-၇၉/၂၀၂၀ အမှုအတွက် သက်သေစုစုပေါင်း ၁၇ ဦး၊ ရာဇဝတ်ကြီးအမှုအမှတ်- ၈၀/၂၀၂၀ အမှုအတွက် သက်သေစုစုပေါင်း ၁၁ ဦးကို စစ်ဆေးခဲ့ပါတယ်။

အခုလို စစ်ဆေးပြီချိန်မှာတော့ ဦးအောင်ကျော်ဦးဟာ အမျိုးသားတစ်ဦးဆီကနေ တင်ဒါရရှိအောင်ဆောင်ရွက်ပေးမယ်ဆိုကာ ဌာနဆိုင်ရာတွေကိုပေးဖို့ ငွေကျပ် ၅ သိန်းတောင်းခဲ့တာဖြစ်ပါတယ်။

အခြားအမျိုးသားတစ်ဦးဆီကလည်း ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ခုနှစ် တင်ဒါရရှိဖို့ ကူညီပေးမယ်ဆိုပြီး ငွေကျပ် ၇ သိန်းတောင်းခံကာ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဦးအောင်ကျော်ဦးကို ရာဇဝတ်ကြီးအမှုအမှတ်- ၇၉/၂၀၂၀ အတွက် ထောင်ဒဏ် (၁) နှစ် နဲ့ ရာဇဝတ်ကြီးအမှုအမှတ်-၈၀/၂၀၂၀ အတွက် ထောင်ဒဏ်(၁) နှစ်တို့ကို သီးခြားကျခံဖို့အတွက် အမိန့်ချခဲ့တာဖြစ်ပါတယ်။

ဦးအောင်ကျော်ဦးနဲ့အတူ တရားစွဲဆိုခံခဲ့ရတဲ့ မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာကြည်လွင်ကိုလည်း မန္တလေးတိုင်းတရားလွှတ်တော်ကနေ အောက်တိုဘာ ၂၃ ရက်နေ့က လုပ်ငန်းရှင်တွေဆီကနေ တင်ဒါရရှိအောင်ဆောင်ရွက်ပေးမယ်ဆိုပြီး ငွေကြေးလက်ဆောင်ယူခဲ့တဲ့အတွက် ထောင်ဒဏ်(၄) နှစ်ချမှတ်ထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #အရိုးဆေးရုံ #ဌာနခွဲစာရေး #ထောင်၂နှစ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW