တပ်မတော်ခေါင်းဆောင်တွေ တရားစွဲခံရတာကို ထောက်ခံရှင်းလင်းမှုလုပ်မယ့် ကိုယ်စားလှယ်လောင်း ၂ဦးဖမ်းဆီးခံရ

ဒီဇင်ဘာ ၂၄-၂၀၂၀
သိင်္ဂီထွန်း(VOM)

နိုင်ငံတကာတရားရုံး ICJ ၊ ICC မှာ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေကို တရားစွဲဆိုခံရမှုအပေါ် ထောက်ခံတဲ့ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(က) နဲ့ ဒီကနေ့မနက်မှာပဲ ပြည်မြို့၊ အမှတ် ၂ ရဲစခန်းကနေ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုသန့်ဇင်ထက်၊ ဦးကျော်ဆန်း တို့ဖြစ်ပါတယ်။

သူတို့ ၂ ဦးလုံးကို ဒီကနေ့ မနက် ၇ နာရီမှာပဲ ပြည်မြို့က ကိုသန့်ဇင်ထက်ရဲ့ရုံးခန်းမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ချက်ခြင်း တရားရုံးတင်ခဲ့သလို အာမခံမပေးဘဲ ပြည်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

“ဖိတ်စာနဲ့ပတ်သက်ပြီး တရားစွဲတာပါ။ မနက်က ၇ နာရီလောက်က ရုံးခန်းမှာဖမ်းတယ်။ ပြည်မြို့မရဲစခန်းကနေ ချက်ခြင်းတရားရုံးတင်တယ်။ ရုံးတင်ပြီး တရားသူကြီးကနေ က.ပ.စ-၇က ဗိုလ်မှူးက တရားစွဲဆိုထားတဲ့ ၅၀၅(က)အမှုနဲ့ဆိုပြီး ရှင်းလင်းတယ်။ အာမခံချက်ပေးဖို့တောင်းဆိုတယ်။ ကိုယ်ပိုင်အာမခံရော တခြားသူရဲ့အာမခံရောမပေးဘဲနဲ့ ၃၀ ရက်နေ့ကျမှ အမှုသည်ဖြစ်တဲ့သူကို အာမခံပေးသင့်မပေးသင့်ကို ကြားဖြတ်အမိန့်ချမယ်လို့သိရတယ်။ ကျမတို့လည်း ပစ္စည်းတွေပို့ခွင့်မရသေးဘူး”လို့ ဦးသန့်ဇင်ထက် ရဲ့ ဆွေမျိုးတော်စပ်သူ မခင်ခင်သန်းကပြောပါတယ်။

မြန်မာနိုင်ငံရဲ့စစ်ခေါင်းဆောင်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ နိုင်ငံတကာ တရားရုံးဖြစ်တဲ့ ICJ တရားရုံး၊ ICC တရားရုံးမှာ စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံထားရမှုကို လူ့အခွင့်အရေးစံချိန်စံညွှန်များအရ ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာပြုလုပ်ဖို့ စီစဉ်ထားရာကနေ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲပီး ဒီကနေ့မနက်မှာပြုလုပ်ဖို့ ဆောင်ရွက်နေချိန် ဦးသန့်ဇင်ထက်နဲ့ ဦးကျော်ဆန်း တို့ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ကိုယ်စားလှယ်လောင်း ၃ ဦးကနေ ပြုလုပ်ဖို့စီစဉ်ထားတာဖြစ်ပြီး ကျန်တဲ့ ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေကတော့ ခရီးထွက်နေတာကြောင့် ပြည်မြို့မှာမရှိတဲ့အတွက် ဖမ်းဆီးခံရတဲ့အထဲ မပါဘူးလို့သိရပါတယ်။ ဦးကျော်ဆွေကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မှုမရရှိခဲ့ပါဘူး။

ဦးကျော်ဆွေနဲ့ ဦးကျော်ဆန်းဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီကဖြစ်ပြီး ဦးသန့်ဇင်ထက်ကတော့ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြည် #ကိုယ်စားလှယ်လောင်းတွေ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW