ဗြိတိန်မှာ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်မျိုးစိတ်သစ် တွေ့ရှိပြန်

လန်ဒန်၊ ဒီဇင်ဘာ၂၄-၂၀၂၀
မျိုးဆက် (VOM)

ဗြိတိန်နိုင်ငံမှာ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် နောက်ထပ်တစ်မျိုး ကူးစက်ခံရသူနှစ်ဦးကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ်ခ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကူးစက်ခံရသူနှစ်ဦးဟာ လန်ဒန်နဲ့ အင်္ဂလန်အနောက်မြောက်ပိုင်းကဖြစ်ပြီး ဗိုင်းရပ်စ်မျိုးစိတ်သစ် နောက်ထပ်တစ်မျိုးဖြစ်ပွားနေတဲ့ တောင်အာဖရိကို ခရီးသွားခဲ့သူတွေနဲ့ ထိစပ်ခဲ့သူတွေဖြစ်ပါတယ်။

လက်ရှိမှာ တောင်အာဖရိကသို့ ခရီးသွားလာမှုတွေကို ကန့်သတ်ထားပါတယ်။ ဒါ့အပြင် တောင်အာဖရိကကို လွန်ခဲ့တဲ့နှစ်ပတ်က သွားရောက်ခဲ့သူတွေနဲ့ ခရီးသွားလာခဲ့သူတွေနဲ့ ထိတွေ့ခဲ့သူကိုလည်း ချက်ချင်းကွာရန်တင်းဝန်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

တောင်အာဖရိကမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်မျိုးစိတ်သစ်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး ယခင်က ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေဟာ အခုအခါ ဖျားနာနေကြတယ်လို့ တောင်အာဖရိက ကျန်းမာရေးဝန်ကြီး ဇွာလီမက်ခ်ဟိုက်က သတိပေးပြောဆိုပါတယ်။

ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ လျှင်မြန်စွာကူးစက်ပျံ့နှံ့နေပြီး နိုင်ငံရဲ့ဒေသတွေမှာ ကူးစက်မှုအများအပြားရှိနေတယ်လို့ တောင်အာဖရိက သိပ္ပံပညာရှင်တွေကပြောပါတယ်။

အဲ့ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်နေဆဲဖြစ်ပေမယ့် ယခင်ဗိုင်းရပ်စ်မျိုးစိတ်ထက် ပိုမိုလျှင်မြန်စွာကူးစက်နိုင်တယ်လို့ အချက်အလက်တွေက အခိုင်အမာဖော်ပြထားပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW