မြစ်ကြီးနားမြို့ USDP ရုံးရှေ့မှာ UEC ကို ဆန္ဒပြ

ဒီဇင်ဘာ ၂၄-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့မှာ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် မနက် ၉ နာရီက ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ကန့်ကွက်ဆန္ဒပြရာမှာပါတဲ့ ဦးဇော်ဝမ်းက ” ကျနော်တို့ကတော့ ရှင်းရှင်းပြောရရင် ရွေးကောက်ပွဲကော်မရှင် မသမာမှုတွေလုပ်တဲ့အခါကျတော့ မဲစာရင်းတွေမရလို့ မဲစာရင်းတွေတိတိကျကျရဖို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ အထောက်အထား အစုံရှိပါတယ်”လို့ ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြသူတွေဟာ USDPပါတီကို ဝန်းရံသူတွေဖြစ်ပြီး လူဦးရေး စုစုပေါင်း ၂၀ ကျော်ပါဝင်ခဲ့တာဖြစ်တယ်လို့ မြစ်ကြီးနားခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဟောင်းဂျုန်းရဲ့ပြောပြချက်အရ သိရပါတယ်။

” ရွေးကောက်ပွဲမတိုင်ခင်က ပါတီတွေက တွေ့ဆုံဖို့တောင်းဆိုတာကို လစ်လှူရှုခဲ့တာ ၊ ရက်ပေါင်း ၉၀ ၊ ၆၀ လျှော့ချပြီး မဲပေးခွင့်ပြုတာတွေ မေးခွန်းထုတ်စရာတွေဖြစ်တာပေါ့၊ ကိုဗစ်ဖြစ်လာတော့ မလိုလားအပ်တာတွေ မြင်နေရတယ်”လို့ ဦးဟောင်းဂျုန်းက ပြောပါတယ်။

ရွေးကောက်ပွဲရလဒ် နဲ့ ရွေးကောက်ပွဲမဲပေးမှုတွေအပေါ် မကျေနပ်တာတွေကို အဲ့ဒီကာလက တိုင်တန်းမှုနဲ့ ကန်ကွက်တာတွေ လုပ်ခဲ့သလားလို့ ဦးဟောင်းဂျုန်းကိုမေးကြည့်တော့ ” ဒါကတော့တစ်ပိုင်း ဒါပြောရင်တော်တော်များတယ်ကျယ်တယ်၊ ဆိုတော့ ကျနော်တို့က UEC ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပတဲ့ ဒိုင်ရဲ့အနေအထားကိုပဲ ဒီနေ့ပြောချင်ပါတယ်၊ အဲ့ဒီဟာတွေပြောသွားရင် တအားရှည်သွားမယ်လေနော ၊ တရားစွဲတာတို့ ဘာတို့ဆိုတာ သိပါတယ်။ လိုအပ်ရင် လိုအပ်တဲ့အခါပြောမယ်၊ အခုကတော့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူ ဖြစ်သင့်ဖြစ်ထိုက်သူ တရားမျှတစွာပါဝင်ဖို့ ပါတီတိုင်းရဲ့ တန်းတူအခွင့်အရေးနဲ့ သွားတဲ့ ပါတီစုံစနစ်ကို လိုလားတယ်၊ ရွေးကောက်ပွဲဖြစ်သွားတဲ့ဆီမှာ အမှန်တရားဖြစ်စေချင်တယ်၊ နောင်လာမယ့်အချိန်တွေမှာ တရားမျှတတဲ့ရွေးကောက်ပွဲကို ပါတီစုံစနစ်နဲ့သွားချင်တဲ့ လိုလားချက်ပေါ့”လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်သူတွေကတော့ လွပ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် အမြန်ဆုံးဖွဲ့စည်းပေးရေး၊ မဲစာရင်းများ စစ်ဆေးပေးရေး၊ တစ်နိုင်ငံလုံးရှိ မဲမသမာမှုများအား ဝိုင်းဝန်းဖော်ထုတ်ပေးရေး စတဲ့ စာသားတွေပါတဲံ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား #UEC #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW