ပြည်မြို့က ပုဂ္ဂလိကဆေးရုံ နောက်တစ်ခုမှာ ကိုဗစ်လူနာတွေ့လို့ ဆေးရုံကိုပိတ်ထား

ဒီဇင်ဘာ ၂၆-၂၀၂၀
သိင်္ဂီထွန်း(VOM)

ပြည်မြို့က ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာကြောင့် အဲ့ဒီဆေးရုံကို မနေ့ ဒီဇင်ဘာ ၂၆ရက်နေ့ကစပြီး ၇ ရက် ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ပိုးတွေ့ လူနာဟာ မြန်အောင်မြို့ကဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဦးနှောက်သွေးယိုစိမ့်ပြီး လေဖြတ်ရောဂါနဲ့ ပုဂ္ဂလိကဆေးရုံကိုတက်ရောက်လာတာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီး ပြောင်းရွှေ့ကုသဖို့ သွားရောက်ခဲ့ချိန် ကိုဗစ်ရှိ၊မရှိ စစ်ဆေးခဲ့ရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလူနာ ဆေးရုံကို စတင်ရောက်ချိန်ကနေ ပြန်လည်ဆင်းသွားချိန်အထိ ထိတွေ့ခဲ့တဲ့ ဆရာဝန် ၊ သူနာပြု၊ သူနာပြုအကူ၊ အလုပ်သမားတွေကို CCTV က တဆင့် ပြန်လည်စစ်ဆေးခဲ့ပြီး ထိတွေ့ခဲ့တဲ့ (Primary contact ) ၂၅ ဦးကို ကွာရန်တင်းစင်တာ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

“လူနာရောက်လာချိန်မှာ သွေးပေါင်ချိန် အရမ်းတိုးပြီး သတိလစ် ကိုယ်တခြမ်းလှုပ်မရ၊ လေဖြတ်ပြီး ရောက်လာပေမယ့် အဖျား မရှိပါဘူး။ လူနာကို ရန်ကုန်လွှဲတာကလည်း ဦးနှောက်သွေးယိုစိမ့်ပြီး လေဖြတ်ရောဂါ ဖြစ်ပါတယ်၊ Covid-19 သံသယလူနာ မဟုတ်ပါဘူး။ ပိုးတွေ့လူနာက ဆေးရုံ ဒုတိယထပ်မှာတက်တယ်။ ဒါကြောင့် ပထမထပ်နဲ့ တတိယထပ်ကလူနာတွေက ပုံမှန်အတိုင်း ဝင်ထွက်နိုင်တယ်”လို့ သံလွင် ပုဂ္ဂလိကဆေးရုံရဲ့ တာဝန်ရှိသူကပြောပါတယ်။

ပိုးတွေ့လူနာဟာ ဆေးရုံရဲ့ ဒုတိယအထပ်မှာတက်ရောက်ခဲ့တာဖြစ်လို့ လူနာဆေးရုံမဆင်းမီ ဒုတိယအထပ်ကိုတက်ရောက်လာတဲ့လူနာတွေအားလုံးကိုလည်း ဆေးရုံမှာပဲ ကွာရန်တင်း ၇ ရက်ဝင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

“လုပ်ထုံးလုပ်နည်းအတိုင်း ဆေးရုံကို lockdown (7) ရက် ကနဦး သတ်မှတ်ခဲ့ပြီ၊ အခြားသော lockdown စည်းမျဉ်းတွေကိုလည်း ညွှန်ကြားခဲ့တယ်။ Contact 20 ကျော်ကို သန္တာဆောင် Q campကို ပို့ဆောင်ခဲ့တယ်။ လူနာကို ကုသပေးတဲ့ အထူးကုဆရာဝန်မကြီးလည်း Q စင်တာဝင်နေပြီဖြစ်တယ်”လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ပြည်မြို့က ပုဂ္ဂလိကဆေးရုံတစ်ခုကထွက်ရှိတဲ့ Positive လူနာနဲ့ ထိစပ်သူတွေထဲက ဆေးရုံသူနာပြု ၂ ဦးမှာလည်း ကိုဗစ်ပိုးတွေ့ ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်မြို့မှာ တစ်ပတ်အတွင်း ပုဂ္ဂလိကဆေးရုံ ၂ ခုကနေ ကိုဗစ်လူနာတွေ့ရှိမှု ၂ ကြိမ်ဖြစ်ပွားခဲ့တာကြောင့် ပိတ်ထားရတဲ့ ပုဂ္ဂလိက ဆေးရုံ ၂ ခုအထိရှိလာနေပြီ ဖြစ်ပါတယ်။

Photo – Thanlwin Hospital
#voiceofmyanmar #VOM #ပြည် #ပုဂ္ဂလိကဆေးရုံ #ကိုဗစ်ပိုးတွေ့လူနာ

Related posts

Leave a Comment

VOM News

FREE
VIEW