လက်ပြန်ကြိုးချည်ပြီး သတ်ဖြတ်ခံထားရတဲ့ အလောင်း တစ်လောင်းတွေ့

ဇန်နဝါရီ ၂ -၂၀၂၁
ကိုတိုးကြီး (VOM)

ရှမ်းပြည် (အရှေ့ပိုင်း)၊ ကျိုင်းတုံ – တာချီလိတ်သွားတဲ့ ပြည်ထောင်စု
ကားလမ်းမကြီး၊ ဆိုက်ခေါင်ကျေးရွာနဲ့ ဆွပ်ပန်းကျေးရွာအကြား မိုင်တိုင်အမှတ်- 725Km အနီး ချောက်ထဲမှာ လည်ပင်းကြိုးချည်ပြီး လက်နောက်ပြန်ကြိုးတုတ် သေဆုံးနေတဲ့ ရုပ်အလောင်း တစ်လောင်း ကို မိုင်းဖြတ်မြို့မရဲစခန်းက တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

” ဆိုက်ခေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၃၁ ရက် ညနေ ၅ နာရီကျော်မှာ အလောင်း တစ်လောင်းတွေ့ထားတယ်လို့ စခန်းကို ဖုန်းဆက်အကြောင်းကြားတယ် ၊ စခန်းမှူးနဲ့ နယ်ထိန်းအဖွဲ့က သွားရောက် စစ်ဆေးတယ်”လို့ မိုင်းဖြတ်မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ပြည်ထောင်စုလမ်းမကြီးဘေးအနီး အနက်ပေ ၂၀ ရှိတဲ့ ချောက်ထဲမှာ အမည်မသိ(စုံစမ်းဆဲ) အသက် ၃၅ နှစ်အရွယ်(ခန့်မှန်း) အမျိုးသား တစ်ယောက်ဟာ လည်ပင်းမှာ ကြိုးချည်ထားပြီး လက်နောက်ပြန်ကြိုးတုတ်ထားကာ လျှာထွက် ၊ နှာခေါင်းသွေးထွက် ၊ မျက်နှာ ဖုယောင်ညိုမဲ ဒဏ်ရာရ သေဆုံးနေတာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ ဖော်ပြထားပါတယ်။

တွေ့ရှိရတဲ့ ရုပ်အလောင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က မိုင်းဖြတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး စစ်ဆေးဆောင်ရွက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအမှုကို မိုင်းဖြတ်ရဲစခန်းက (ပ) ၁/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၀၂ အရ အမှုဖွင့်ထားပြီး သေဆုံးသူ ဘယ်သူဖြစ်တယ်ဆိုတာနဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို ဖမ်းဆီးရရှိဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

Photo – မိုင်းဖြတ်ရဲစခန်း
#voiceofmyanmar #VOM #မိုင်းဖြတ် #ချည်နှောင်သတ်ဖြတ်ခံရ #အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW