မူဆယ်မြို့မှာ တရုတ်နိုင်ငံသား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဇန်နဝါရီ ၂-၂၀၂၁
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်၊ ခိုဝိန်းရွာ၊ နမ့်ပေါ်ရေချောင်းဘေးမှာ မနေ့ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းက တရုတ်နိုင်ငံသား တစ်ဦး သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ လက္ခဏာတွေနဲ့သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ မူဆယ်မြို့နယ် ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။

” ကျောက်ကုန်သည်တစ်ယောက်ဖြစ်ပြီး တရုတ်နိုင်ငံ၊ ထုံချန်းမှာနေတယ်လို့ ဒီကနေ့သိရပြီ။ နှစ်နိုင်ငံ ချိတ်ဆက်ပြီး ပြန်လွှဲပေးဖို့ လုပ်နေတယ်။ အသက်၂၅နှစ်လောက်ရှိပြီး နားထင်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ”လို့ ဦးသောင်းထွန်းက ပြောပါတယ်။

သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူဟာ တရုတ်နိုင်ငံ၊ ထုံချန်းမြို့ကနေ မူဆယ်မြို့ကို အရောင်းအဝယ်လာလုပ်တဲ့ အသက်၂၅ နှစ်အရွယ် ယိလုံ ဆိုသူဖြစ်ပြီး ခြေထောက်နဲ့ လက်တွေကို နိုင်လွန်ကြိုးနဲ့ တုပ်နှောင်ပြီး မျက်နှာကို မျက်နှာသုတ်ပဝါအုပ်လျှက် နားထင်မှာသေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ‌တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ မူဆယ်မြို့နယ်
ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” လက်တလောမှာတော့ သေဆုံးသူဟာ သေနတ်နဲ့ပစ်ခံရတဲ့ လက္ခဏာနဲ့သေဆုံးနေတယ်ဆိုတာရယ်၊ ကျူးလွန်သူတွေကို စုံစမ်းနေတယ်ဆိုတာပဲ ပြောနိုင်ဦးမယ်။ အသေးစိတ်အချက်လက်ရရင် ထုတ်ပြန်ပေးပါမယ်”လို့ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဖြိုးဇေယျာစိုးက ပြောပြပါတယ်။

အမှုနဲ့ပတ်သက်လို နယ်မြေခံရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂/၃၄ နဲ့ အမှုဖွင့်ထားပြီး ပစ်မှုကျူးလွန်သူတွေကို စုံစမ်းစစ်‌ဆေးနေတယ်လို့ သိရပါတယ်။

တရုတ်ပြည်နယ်စပ် မူဆယ်မြို့ပေါ်နဲ့ ဆင်ခြေဖုံးကျေးရွာတွေမှာ မကြာခဏ သေနတ်နဲ့လုပ်ကြံသတ်ဖြတ်မှုတွေဖြစ်ပေါ်နေပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်နေတာကို မသိရသေးဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ စွမ်ဆော်ရပ်ကွက်က နေအိမ်တစ်အိမ်မှာ အိမ်ရှင်မရှိချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ‌အိမ်တံခါးကို ချိုးဖြတ်ဝင်ရောက်ကာ ကျပ်
သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေ၊ ငွေနဲ့ လက်ဝတ်ရတနာတွေ ထည့်ထားတဲ့ မီးခံသေတ္တာကို ယူဆောင်သွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

Photo – မူဆယ်ဂရုဏာလူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #မူဆယ် #တရုတ်နိုင်ငံသား #သေနတ်နဲ့ပစ်သတ်ခံထားရ

Related posts

Leave a Comment

VOM News

FREE
VIEW