ALP တပ်ဖွဲ့ဝင် (၄) ဦးကို အေအေ ပြန်လွှတ်ပေး

ဇန်နဝါရီ ၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင် (၄) ဦးကို အေအေ ဖက်က ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့ မနက်ပိုင်းက ALP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA)ဟာ အခုလိုမျိုး အေအေဖက်က သူတို့တပ်ဖွဲ့ဝင်တွေကို ပြန်လည်လွှတ်ပေးခြင်းအပေါ် အေအေအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခိုင်စိုးမြက ပြောပါတယ်။

” လွှတ်လာတယ်လို့ ကြားရတဲ့အတွက် ကျနော်တို့ ဝမ်းသာတယ်လို့ ပထမဆုံး ပြောချင်ပါတယ်။ ကျန်းကျန်းမာမာနဲ့ တစ်စုံတစ်ရာမဖြစ်ဘဲ လွှတ်မြောက်လာတဲ့အတွက် ဝမ်းသာပါတယ်။ နောက်တစ်ခုပြောချင်တာက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အခုလိုမျိုး ဖမ်းလိုက်ဆီးလိုက်လုပ်တာကတော့ အမျိုးသားလက္ခဏာအရ မကောင်းဘူးလို့ ပြောချင်တယ်”လို့ ဗိုလ်မှူးကြီးခိုင်စိုးမြက ပြောပါတယ်။

ALP တပ်ဖွဲ့ဝင် ရဲဘော်တွေဖြစ်တဲ့ ခိုင်မောင်ခင်ဝင်း၊ ခိုင်မောင်လုံး၊ ပြည်ပစည်းရုံးရေးကော်မတီဝင် ခိုင်ဝင်းလှိုင်နဲ့ ခိုင်မင်းမြတ်စံတို့ကို အေအေက ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ALP ပြည်ပစည်းရုံးရေးကော်မတီဝင်ကို မနေ့ ဇန်နဝါရီ ၁ ရက်နေ့က လွှတ်ပေးလိုက်တာဖြစ်ပြီး အခြားသုံးယောက်ကိုတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှာ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခိုင်စိုးမြပြောပြချက်အရ သိရပါတယ်။

” အေအေက လွှတ်ပေးလိုက်တယ်ဆိုတာတော့ ကျနော်တို့ သတင်းရပါတယ်။ လူချင်းတော့ မတွေ့ရသေးပါဘူး။ ကောင်းကောင်းမွန်မွန် ရောက်လာကြပါတယ်၊ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုတည်ဆောက်ရန်လိုကြောင်း နဲ့ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်ပြည်သူတွေ ဒုက္ခရောက်နေကြရပြီး IDP တွေ များလာတဲ့အတွက် စိတ်မကောင်းစရာဖြစ်နေတာကြောင့် နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း ဖြစ်စေချင်တယ်”လို့ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။

လက်ရှိ အေအေက လွှတ်ပေးလိုက်တဲ့ ALP ရဲဘော်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ ၂၃ ရက်နေ့က ပေါက်တောမြို့နယ်၊ ရပက်ချိုင်ကျေးရွာကဖြစ်ပြီး ကျန်တဲ့တစ်ဦးကတော့ မေလ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ်အတွင်း တောင်ကုတ်မြို့နယ် အမျိုးသားလုံခြုံရေး အဖွဲ့က ဖမ်းဆီးသွားတဲ့ ခိုင်ဝင်းလှိုက်တို့ပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ဆက်စပ်ပြီး ယနေ့အချိန်ထိ အေအေဖက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

#voiceofmyanmar #VOM #ALPတပ်ဖွဲ့ဝင် #အေအေပြန်လွှတ်

Related posts

Leave a Comment

VOM News

FREE
VIEW