ရခိုင်ရိုးမပေါ်မှာ မန္တလေးဖက်ကလာတဲ့ ကုန်ကား ပေ ၃၀၀အနက် ချောက်ထဲပြုတ်ကျ

ဇန်နဝါရီ ၃-၂၀၂၀
ထက်အောင်စိုင်း(VOM)

မန္တလေးမြို့ကနေ စစ်တွေမြို့ကိုလာတဲ့ ကုန်ကားတစ်စီးဟာ မနေ့ ဇန်နဝါရီ ၂ ရက်နေ့က ကားဘရိတ်ပေါက်ပြီး ရခိုင်ရိုးမပေါ်ကနေ ပေး ၃၀၀အနက်ရှိတဲ့ ချောက်ထဲကို တိမ်းမှောက်ကာ ကားဒရိုင်ဘာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

အမ်းမြို့မရဲစခန်းက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးပြောတာက” မနေ့က ဖြစ်တာပါ။ ဒရိုင်ဘာက သေဆုံးသွားတယ်။ ကားကတော့ ပြည်မကနေ ရခိုင်ကိုလာတဲ့ကား။ ကားက ဘရိတ်ပေါက်ပြီးတော့ လမ်းဘေးနာက သစ်ပင်ကိုမတိုက်မိအောင်ထိန်းတာမှာ သစ်ပင်ပါ ကျွတ်သွားပြီး ချောက်ထဲကျသွားတယ်။ စပါယ်ယာကတော့ ခုန်ချကျန်ခဲ့တာ ပွန်းပဲ့ဒဏ်ရာ နည်းနည်းရသွားတယ်”လို့ ပြောပါတယ်။

အဲ့ဒီ ကားဟာ ပန်းသီး၊ လိမ္မော်သီး၊ ဇီးသီးတွေ တင်ဆောင်ထားပြီး အမ်း-မင်းဘူး၊ မိုင်တိုင်အမှတ်-၃၅ မိုင် ၇ ဖာလုံ တောင်စောက်ကျေးရွာနဲ့ ဆင်ခုံတိုင်ကျေးရွာ အရောက်မှာ ကားဘီး မီးခိုးတွေထွက်ကာ ဘရိတ်မမိတော့တာကြောင့် ပေ ၃၀၀ ခန့် နက်တဲ့ ချောက်ထဲကို ထိုးကျသွားချိန် အခုလိုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကုန်ကားဒရိုင်ဘာဟာ အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ကုန်ကားအတွင်း ဒရိုင်ဘာနဲ့ စပါယ်ယာတစ်ဦးပါလာပြီး စပါယ်ယာဟာ ကားမတိမ်းမှောက်မီ ခုန်ဆင်းခဲ့တာကြောင့် အသက်ဘေးက လွှတ်မြောက်ခဲ့တာဖြစ်တယ်လို့ အမ်းမြို့မရဲစခန်းကနေ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သေမှုသေခင်းဖွင့်ထားတာရှိပေမယ့် အတိအကျမသိသေးကြောင်းနဲ့ သေဆုံးသွားသူရဲ့အလောင်းကို မနေ့ကပဲ အမ်းဆေးရုံကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

Photo- Myo Lwin Ann (Facebook)
#voiceofmyanmar #VOM #အမ်း #ပေ၃၀၀အနက်ပြုတ်ကျ #ဒရိုင်ဘာသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW