တောင်ကုတ်မြို့နယ်မှာ အကြံအဖန်လုပ်ထားတဲ့ သက်သေခံမဲတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းအမှားပျံ့နေ

ဇန်နဝါရီ ၄-၂၀၂၁
ဆွေလင်းထွန်း (VOM)

တောင်ကုတ်မြို့နယ်မှာ မဲခိုး မဲလိမ် မဲအကြံအဖန် သက်သေခံမဲတွေကို မီးရှို့ဖျက်စီးတယ်ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ဒီသတင်းမှားကို သူရကျော်အကောင့်ကနေ လူမှုကွန်ယက်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေက မဲလက်မှတ်လို့ယူဆရတဲ့ အထုပ်တွေကို မီးရှို့ဖျက်စီးနေတဲ့ပုံတွေကို အသုံးပြုပြီး သတင်းအမှား ရေးသားထားတာဖြစ်ပါတယ်။ အချို့ လူမှုကွန်ယက်အကောင့်တွေကနေလည်း မီးလောင်ပျက်စီးနေတဲ့ မဲလက်မှတ်ပုံတွေကို မျှဝေနေကြတာကို တွေ့ရပါတယ်။

မီးလောင်ပျက်စီးနေတဲ့ မဲလက်မှတ်တွေရဲ့ အရောင်တွေကို လေ့လာကြည့်တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲလက်မှတ်အဝါရောင်ဖြစ်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲလက်မှတ်တွေက အဖြူရောင်ဖြစ်ပါတယ်။

မဲလက်မှတ်တွေ မီးရှို့ဖျက်စီးခဲ့တာနဲ့ပတ်သက်ပြီး သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်သိန်းကို ဆက်သွယ်မေးကြည့်တော့ ခုမီးရှို့တာတွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲရုံသုံးပစ္စည်းတွေဖြစ်တယ်လို့ ပြောပါတယ်။

ဦးတင်သိန်းက ” ၂၀၁၅ တုန်းက မဲရုံသုံးပစ္စည်းတွေပါ။ မဲလက်မှတ်တွေလည်းပါတယ်၊ မလိုအပ်တဲ့ဟာတွေပေါ့။ အဲ့ဒါတွေကို UEC ကနေ မီးရှို့ခွင့်တင်ထားတာ ကြာပြီ၊ တနှစ်နှစ်နှစ်လောက်ရှိပြီ ခုမှကျလာလို့။ ဘယ်နေ့က ဖျက်ဆီးတယ်ဆိုတာတော့ ကျနော့်ဆီ ရီပို့မတက်သေးတော့ မသိသေးဘူး။ ဖျက်စီးခွင့်ကျတာတော့ တပတ်လောက်ရှိပြီ” လို့ VOM ကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာအသုံးပြုခဲ့တဲ့ မဲရုံသုံးပစ္စည်းတွေထားဖို့ ဂိုဒေါင်မှာနေရာမရှိတဲ့အတွက် UEC ရဲ့ခွင့်ပြုချက်နဲ့ ၂၀၁၅ ရွေးကောက်ပွဲက မဲရုံသုံးပစ္စည်းတွေကို ဖျက်စီးတာဖြစ်ပြီး တောင်ကုတ်မြို့နယ်တင်မဟုတ်ဘဲ ကျန်တဲ့မြို့နယ်တွေမှာပါ မီးရှို့ဖျက်စီးမှာဖြစ်တယ်လို့ ဦးတင်သိန်းက ဆက်ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာအသုံးပြုခဲ့တဲ့ မဲရုံသုံးပစ္စည်းတွေကိုလည်း နောက်ရွေးကောက်ပွဲအပြီးမှာ ဖျက်စီးခွင့်ရှိတယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ အပြီးမှာ UEC အပေါ် သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာတွေ အများအပြားဖြစ်ခဲ့ပြီး UEC က မဲလိမ်၊ မဲခိုးတာတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းမှားတွေကို အများဆုံးဖြန့်ဝေခဲ့ကြတာပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #သတင်းတုသတင်းမှားဖေါ်ထုတ်ခြင်း #တောင်ကုတ် #မဲလက်မှတ်

Related posts

Leave a Comment

VOM News

FREE
VIEW