ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေကို ဝူဟန်မြို့သို့ ဝင်ရောက်ခွင့် တရုတ်ပယ်ချ

ဂျီနီဗာ၊ ဇန်နဝါရီ ၆-၂၀၂၁
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ကျွမ်းကျင်သူတွေပါဝင်တဲ့ အဖွဲ့ကို ဝူဟန်မြို့သို့ ဝင်ရောက်ခွင့်အတွက် တရုတ်နိုင်ငံက ပယ်ချလိုက်ပါတယ်။

အဲ့ဒီအဖွဲ့ထဲက ကျွမ်းကျင်သူနှစ်ဦးဟာ တရုတ်နိုင်ငံခရီးစဉ်ကို စတင်ခဲ့ပြီး လက်ရှိမှာတော့ တစ်ဦးဟာ ပြန်လှည့်လာပြီဖြစ်သလို ကျန်တစ်ဦးကတော့ တတိယနိုင်ငံတစ်ခုမှာ ခရီးစဉ်ကူးပြောင်းဖို့ လုပ်ဆောင်နေပါတယ်။

ဒီပြဿနာဟာ ဗီဇာဆိုင်ရာ ရှင်းလင်းမှုမရှိတာကြောင့်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အကြိမ်ပေါင်းများစွာ ညှိုနှိုင်းမှုများပြုလုပ်ပြီးနောက် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံက သဘောတူခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းက ပထမဆုံး တွေ့ရှိခဲ့ပြီး ဈေးတစ်ခုနဲ့ ဆက်နွယ်ကာ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ခရီးစဉ်စတင်နေပြီဖြစ်တဲ့ အဖွဲ့ရဲ့ကျွမ်းကျင်သူနှစ်ဦးအတွက် ခွင့်ပြုချက်အပြီးသတ်နိုင်ခြင်းမရှိတဲ့အပြင် အခြားအဖွဲ့ဝင်တွေလည်း ဝူဟန်မြို့ကို သွားရောက်နိုင်ခြင်းမရှိတဲ့အပေါ် အလွန်အမင်းစိတ်ပျက်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က ထုတ်ဖော်ပြောဆိုပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW