တင်ပါးကြီးချင်လို့ ဆီလီကွန်ထိုးခဲ့တဲ့ အမျိုးသမီး တင်ပါးမကြီးဘဲ ဆေးရုံရောက်လို့ အမှုဖွင့်

ဇန်နဝါရီ ၆ – ၂၀၂၁
ကိုတိုးကြီး (VOM)

ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ၊ တာမွေမြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက် ၊ ဘယသိန္ဓိလမ်း ၊ အိမ်အမှတ် (၅၈) မြေညီထပ်မှာဖွင့်ထားတဲ့ အလှပြင်ဆိုင်က အမျိုးသမီး ၃ ယောက်ကို ခွင့်ပြုချက်မရှိဘဲ တင်ပါးကြီးဆေး ဆီလီကွန်ထိုးပေးတာကြောင့် တာမွေမြို့မရဲစခန်းက ဇန်နဝါရီ ၃ ရက်နေ့က အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။

” အဲ့ဒီ အလှပြင်ဆိုင်ရဲ့ကြော်ငြာကို အွန်လိုင်းပေါ်မှာတွေ့ခဲ့တဲ့ အင်းစိန်မြို့နယ် ၊ ပေါက်တောဝရပ်ကွက် ၊ မုဒိတာအိမ်ယာမှာနေတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက်က သူ့တင်ပါး ကြီးချင်တယ် ဆေးထိုးလို့ရနိုင်မလား ၊ ဘယ်လောက်ကုန်ကျမလဲ စတာတွေ ဆက်သွယ် မေးမြန်းပြီး ထိုးဖြစ်သွားရာကနေ ဒီအမှု စတင်ပေါ်ပေါက်တာ”လို့ တာမွေမြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

အဲ့ဒီနောက် တိုင်ကြားသူဟာ အွန်လိုင်းပေါ်ကလိပ်စာအတိုင်း အလှပြင်ဆိုင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်က သွားရောက်တဲ့အခါ အလှပြင်ဆိုင်က အမျိုးသမီး ၃ ယောက်ဟာ တင်ပါးကြီးဆေးထိုးဖို့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို ဆွေးနွေးပြီးနောက် တင်ပါးကြီးဆေး ဆီလီကွန်တွေ ထိုးပေးခဲ့ကာ ဆေးထိုးခ ငွေကျပ် ၁၂ သိန်း ပေးခဲ့ရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် တင်ပါးကြီးဆေးထိုးခဲ့သူဟာ သူ့ရဲ့ တင်ပါးဟာ ကြီးထွားမလာဘဲ ဆေးထိုးထားတဲ့ နေရာဝန်းကျင်တစ်ခုလုံး ဖုယောင်လာပြီး အလွန်နာကျင်ကိုက်ခဲလာတဲ့အတွက် ဒဂုံမြို့နယ်၊ ၄ – ရပ်ကွက်၊ စပ်စံထွန်းဆေးရုံကို သွားရောက်ပြသခဲ့ရာ အဲ့ဒီ ဆေးရုံကနေတဆင့် အင်စိန် အထွေထွေရောဂါကုဆေးရုံကြီးမှာ တက်ရောက်ဆေးကုဖို့ လွှဲပြောင်းပေးခဲ့ရပါတယ်။

လွှဲပြောင်းပြီးတဲ့ နိုဝင်ဘာ ၂၁ ရက်က အင်စိန်အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူပြီး ရက်တပတ်အကြာမှာ တင်ပါးကြီးဆေးထိုးနှံခဲ့သူက ဆေးထိုးပေးခဲ့တဲ့ အလှပြင်ဆိုင်ရှိ အမျိုးသမီး ၃ ယောက်ဆီ တာဝန်ယူပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။

အဲ့ဒီလို ဆက်သွယ်ရာမှာ အလှပြင်ဆိုင်က တာဝန်မယူနိုင်ကြောင်း ပြောဆိုတဲ့အတွက် တင်ပါးကြီးဆေးကို ၁၂ သိန်းပေးပြီး ထိုးနံခဲ့သူက ဇန်နဝါရီ ၃ ရက်နေ့မှာ တာမွေမြို့မရဲစခန်းကို သွားရောက်တိုင်တန်း အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုကို ရဲစခန်းက (ပ)၁၁/၂၀၂၁ ၊ မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေပုဒ်မ-၅၈ အရ အမှုဖွင့်ခဲ့ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo – အင်တာနက်
#voiceofmyanmar #VOM #ရန်ကုန် #တင်ပါးကြီးဆေး #ဆေးရုံရောက် #အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW