ပုသိမ်မြစ်ထဲမှာ သင်္ဘောနဲ့ ပဲ့ထောင်တိုက်မိပြီး လူတစ်ဦးပျောက်ဆုံး

ဇန်နဝါရီ ၆ -၂၀၂၁။
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငဝန်မြစ်ထဲမှာ ဒီကနေ့မနက်အစောပိုင်းက ခရီးသည်တင်သင်္ဘောနဲ့ ပဲ့ထောင်တိုက်မိပြီး လူတစ်ဦးပျောက်ဆုံးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးကပြောပါတယ်။

“ပဲ့ထောင်က ကျောက်မီးဖိုတွေတင်လာတာ ဟိုဘက်က ပုသိမ် – သင်္ဃန်းကုန်းပြေးဆွဲတဲ့ သင်္ဘောနဲ့ ဝင်တိုက်မိတာပေါ့၊ လောလောဆယ်တော့ ၁ ယောက်ပျောက်ဆုံးနေလို့ ရှာဖွေတာတွေ ပြုလုပ်နေပါတယ်”လို့ ဦးရာဇာအေးကပြောပါတယ်။

ပုသိမ်မြို့၊ ကျောက်ငူဆိပ်ဘက်က အလုပ်သမား ၈ ဦးလိုက်ပါလာတဲ့ ပဲ့ထောင်နဲ့ တိုင်းမှူးသင်္ဘောဆိပ်က မောင်းလာတဲ့ အောင်စည်မြတ် ခရီးသည်တင်သင်္ဘောတို့ ငဝန်မြစ်ရဲ့ ၃ ပုံ ၁ ပုံမှာ ဝင်တိုက်မိသွားပြီးပဲ့ထောင်နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

သင်္ဘောနဲ့ ပဲ့ထောင်တိုက်မိချိန် ပဲ့ထောင်ကနစ်မြုပ်သွားပြီး ပဲ့ထောင်မှာလိုက်ပါလာတဲ့ လူတွေက ကမ်းပေါ်ကူးလာနိုင်ပေမယ့် အမျိုသားတစ် ဦးကတော့ ရေနစ်ပျောက်ဆုံးသွားလို့ ဆက်လက်ရှာဖွေတာတွေပြုလုပ်နေပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပုသိမ်မြို့၊ သင်္ဘောကျဉ်းနယ်မြေရဲစခန်းမှာ ပဲ့ထောင်နဲ့ သင်္ဘောမောင်းသူ ၂ ဦးကို မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #သင်္ဘောတိုက်မိ #လူပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW