ပြည်သူ့စစ်အယောင်ဆောင်သူ တစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

ဇန်နဝါရီ ၇-၂၀၂၁
ကိုတိုးကြီး(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ၊ လားရှိုးမြို့မရဲစခန်းမှာ မနေ့ ဇန်နဝါရီ ၆ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့စစ် အယောင်ဆောင် လူငယ်တစ်ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

” လားရှိုး ၊အမှတ် ၇ ရပ်ကွက်၊ နယ်မြေ-၆၊ အေးသာယာလမ်းထဲက ဖမ်းမိတာပါ၊ စစ်ဆေးနေတဲ့ ကာလမို့ အခြားဘာမှ ပြောလို့မရသေးပါဘူး”လို့ လားရှိုးမြို့မရဲစခန်းမှ ခေတ္တစခန်းမှူးက ပြောပါတယ်။

ဖမ်းဆီးရေးအဖွဲ့ဟာ အေးသာယာလမ်းထဲက အိမ်အမှတ် (ဆ/၆/၃၃၂)ကို သတင်းပေးချက်အရ သွားရောက်ခဲ့ပြီး ရှာဖွေစစ်ဆေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် နေအိမ်ထဲမှာ လီဖူရှိုး(ခ)စန်းတီ ဆိုသူဟာ နေအိမ်ထဲမှာ အသင့်ရှိနေပြီး လက်ထဲမှာ မောင်းပြန်ရိုင်ဖယ် သေနတ် ၁ လက်ကို အသင့်ကိုင်ဆောင်ကာ ခါးမှာ ၅ လုံးပြူးသေနတ် ၁ လက်ချိတ်ဆွဲထားတာကို ဖမ်းဆီးရေးအဖွဲ့က တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

‌အဲ့ဒါကြောင့် ဖမ်းဆီးရေးအဖွဲ့က လက်နက်ချဖို့ အမိန့်ပေးပြီး ဝင်ရောက်စစ်ဆေးလိုက်ချိန် လီဖူရှိုး(ခ)စန်းတီ အသုံးပြုတဲ့ Toyota Sequoai အမျိုးအစား အဖြူရောင်ကားပေါ်က Type-81 မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက် ၊ ကျည် ၁၁၈ တောင့် ၊ ကျည်အိမ် ၄ ခု ၊ Luger – 38 Mm Special ၅ လုံးပြူး သေနတ် ၁ လက် ၊ ကျည် ၃၂ တောင့် ၊ ပလပ်စတစ်လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၂ စုံ ၊ TDK စကားပြောစက် ၃ လုံး ၊ Ruizhonglong စကားပြောစက် ၁ လုံး၊ Epolo စကားပြောစက် ၁ လုံး ၊ မုံဟ ပြည်သူ့စစ် အမှတ်အသားပါ ယူနီဖောင်း ၃ စုံ၊ ပိုက်ဆံ ၄ သိန်း နဲ့ စစ်ဘက်အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

‌အဲ့ဒါကြောင့် ဖမ်းဆီးရေးအဖွဲ့က မုံဟ ပြည်သူ့စစ်အဖွဲ့ လားရှိုးတာဝန်ခံ ဦးစိုင်းစံအေးနဲ့တွေ့ဆုံ အတည်ပြုချက်ရယူတဲ့အခါ လီဖူရှိုး (ခ) စန်းတီ ဆိုသူဟာ သူတို့အဖွဲ့က မဟုတ်ကြောင်း ၊ လက်နက်ခဲယမ်းနဲ့ ပစ္စည်းတွေဟာလည်း သူတို့အဖွဲ့က ပစ္စည်းတွေမဟုတ်ကြောင်း အတည်ပြုချက် ရရှိခဲ့တယ်လို့ သိရပါတယ်။

‌အဲ့ဒါကြောင့် လီဖူရှိုး (ခ) စန်းတီ ဆိုသူကို ဥပဒေအရ အရေးယူဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

‌Photo – ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့
#voiceofmyanmar #VOM #လားရှိုး #ပြည်သူ့စစ်အယောင်ဆောင် #လက်နက်နဲ့မိ

Related posts

Leave a Comment

VOM News

FREE
VIEW