ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးဖို့ သံဃာတော်တွေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေတောင်းဆို

ဇန်နဝါရီ ၁၂-၂၀၂၀
အေးချမ်းသူ(VOM)

နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော်ဦးဝီရသူကို ဒီကနေ့မနက်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံးမှာ ဗီဒီယိုကွန်းဖရန့်(စ်)နဲ့ ရုံးထုတ်စစ်ဆေးခဲ့ရာ သံဃာတော်အပါး ၃၀နီးပါးနဲ့ အမျိုးသားရေးလှုပ်ရှားသူ ၅၀ခန့်ဟာ ရုံးထုတ်စစ်ဆေးပေးဖို့ လာရောက်တောင်းဆိုခဲ့ကြပါတယ်။

ရုံးထုတ်စစ်ဆေးပေးဖို့တောင်းဆိုရာမှာ ဦးဆောင်တဲ့ ဆရာတော်ဦးတေဇဝံသက “ပြည်သူလူထုရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ တရားစီရင်ခြင်းမခံရပါဘူး။ ဗီဒီယိုကွန်းဖရန်း(စ်)နဲ့ ရုံးထုတ်နေတယ်။ တရားသူကြီးက သူပြောချင်တာပြောသွားတယ်။ ဆရာတော်က ချေပခွင့်မရှိဘူး။ပြောချင်တာပြောပြီး နောက်တစ်ပတ်ရုံးချိန်းပေးတယ်။ ဒါကြောင့် ရုံးထုတ်စေချင်တယ်”လို့ မိန့်ကြားပါတယ်။

ဆရာတော်ဦးဝီရသူအမှုမှာ နိုင်ငံသားအခွင့်အရေး လူအခွင့်အရေး၊ အကျဉ်းသားအခွင့်အရေးဆုံးရှုံးနေတာကြောင့် လွတ်လပ်စွာတရားစီရင်ရေးဆုံးရှုံးနေတဲ့အတွက် ရုံးထုတ်စစ်ဆေးပေးစေချင်တယ်လို့ ဆရာတော်ဦးတေဇဝံသက မိန့်ပါတယ်။

ဆရာတော်ဦးဝီရသူဟာပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ၂ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ ၂နှစ်နီးပါး ပုန်းအောင်းနေရာကနေ ဒဂုံမြို့နယ်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာလည်းဖြစ်ပါတယ်။

အနောက်ပိုင်းခရိုင်ရဲစခန်းမှာ လာရောက်အဖမ်းခံတဲ့ ဆရာတော်ဦးဝီရသူကို နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ဗီဒီယိုကွန်းဖရန့် (စ်) နဲ့ ချုပ်ရက် ရမန်ယူခဲ့ပြီး လက်ရှိမှာတော့ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မေလက ဆရာတော်ဦးဝီရသူဟာ နိုင်ငံတော်အကြီးအကဲတွေအပေါ် နဲ့ နိုင်ငံတော်တာဝန်ရှိသူတွေအပေါ် အကြည်ညိုပျက်အောင် ပြောဆိုခဲ့တာကြောင့် အနောက်ပိုင်းခရိုင် ဒု-အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိဆရာတော်ဦးဝီရသူကို တရားစွဲဆိုထားတဲ့ ပုဒ်မ – ၁၂၄ (က)ဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် အများဆုံးထောင်ဒဏ်တစ်သက်တစ်ကျွန်း-အနှစ် (၂၀) အထိ ကျခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဦးဝီရသူ #ရုံးထုတ်စစ်ဆေးဖို့ #တောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW