ထားဝယ်အထူးစီးပွားရေးဇုန်မှာ ထိုင်းကုမ္ပဏီ(ITD)ရဲ့လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို မြန်မာဖယ်ရှား

ဘန်ကောက်၊ ဇန်နဝါရီ ၁၃-၂၀၂၁
မျိုးဆက်(VOM)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာပါဝင်တဲ့ Italian-Thai Development(ITD)ရဲ့စီမံကိန်းဆိုင်ရာ ဆောက်ရွက်မှုတွေကို မြန်မာနိုင်ငံဘက်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ အဲ့ဒီကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။

စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး သဘောတူထားတဲ့ လုပ်ငန်း ၇ ခုစလုံးကို အဆုံးသတ်ကြောင်း မြန်မာဘက်က ဒီဇင်ဘာ ၃၀ ရက်မှာ အကြောင်းကြားလာခဲ့တယ်လို့ ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်ဆိုင်ရာ အခကြေးငွေတွေပေးဆောင်ဖို့ ပျက်ကွက်ပြီး လုပ်ငန်းလုပ်ကိုင်ရာမှာလည်း ကြိုတင်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိတာကြောင့်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ဟာ၂၇ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ITD နဲ့ အခြားကုမ္ပဏီ ၅ ခုက လုပ်ငန်းဖော်ဆောင်ဖို့ ကန်ထရိုက်ရရှိထားပါတယ်။

ITD ကုမ္ပဏီက လုပ်ငန်း ၇ခုလုပ်ကိုင်ဖို့ သဘောတူညီခဲ့ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ၆ ခုနဲ့ ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်မှာ နောက်ထပ်တစ်ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာဘက်က စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ITD ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၁၁ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရှင်းလင်းချက်နဲ့ ကန့်ကွက်ဖို့အတွက် သူတို့ရဲ့ ဥပဒေအကြံပေးကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ နောက်ထပ်ဖြစ်လာမယ့် အကြောင်းတွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ ကုမ္ပဏီဘက်က ပြောဆိုထားပါတယ်။

Ref: Thaienquirer
#voiceofmyanmar #VOM #ဘန်ကောက် #IDTလုပ်ငန်း #မြန်မာဖယ်ရှား

Related posts

Leave a Comment

VOM News

FREE
VIEW