ရန်ကုန်တိုင်း နောက်ဆုံးလွှတ်တော်မှာ မေးခွန်းတွေကို စာရွက်နဲ့မဖြေတာဟာ ပြည်သူအတွက် နစ်နာ

ဇန်နဝါရီ ၁၃ -၂၀၂၁
ယဉ်ပပထွန်း(VOM)

ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်က နောက်ဆုံးခေါ်ရမယ့် လွှတ်တော်အစည်းအဝေးကို ခေါ်ယူမှုမရှိသလို မွေးခွန်းတွေကိုလည်း စာရွက်နဲ့ပြန်လည်ဖြေကြားတာတွေမရှိတဲ့အတွက် ပြည်သူအတွက် ဘာအကြောင်းမှမထူးဘဲ နစ်နာချက်သက်သက်ဖြစ်သွားရတယ်လို့ မင်္ဂလာတောင်ညွှန့် မြို့ နယ် အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက VOM ကိုပြောပါတယ် ။

“ ကျွန်တော်တို့တင်ထားတဲ့မေးခွန်းတွေကို ပြန်ဖြေပေးတာမရှိဘူး။ အားလုံးက ကိုဗစ်စဖြစ်ကတည်းက လွှတ်တော်ရပ်နေတာဆိုတော့ ရပ်သွားပြီ ။ မေးခွန်းတွေ အဆိုတွေ တင်ထားတာတွေက ရှိသေးတယ် ။ လွှတ်တော်ခေါ်ရင်တောင် ခေါ်တဲ့တစ်ချိန်က ပြီးသွားမှာမဟုတ်ဘူး ရှိနေအုံးမယ်။ အဓိက မေးခွန်းကတော့ တကယ်လို့ ဖြေမယ်ဆိုရင် စာနဲ့ ပြန်ပြီး ဖြေလို့ရမယ်၊ ဒါပေမယ့် မဖြေဘူး။ ဒီမတိုင်ခင်က စာနဲ့ ဖြေပေးတယ်။ နောက်ပိုင်းကျတော့ လုံးဝမဖြေပေးတော့ဘူး။ မေးခွန်းမေးတယ် အဆိုတင်တယ်ဆိုတာက ပြည်သူအတွက်မေးတာ၊ အခုက ဒါတွေ ကို ဆွေးနွေးခွင့်မရတော့ဘူးဆိုတော့ ပြည်သူလူထုအတွက် ဘာမှ အကြောင်းမထူးပဲ နဲ့ နစ်နာချက် သက်သက်ဖြစ်သွားတာပေါ့“လို့ ဦးလှဌေးကပြောပါတယ်။

ဒါပေမယ့် တစ်ချို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မေးခွန်းကိုတော့ စာရွက်နဲ့ ပြန်လည်ဖြေကြားတယ်လို့လည်း သိရပါတယ်။

ဒဂုံမြို့နယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း “ အန်ကယ်မေးထားတဲ့ မေးခွန်းတွေက အများကြီးကျန်သေးတယ်၊ တချို့တစ်ဝက်ကိုတော့ စာရွက်နဲ့ ဖြေပေးထားတယ်။ လွှတ်တော်ဝန်းထဲကိုလည်း လက်ရှိက ဝင်မရသေးတော့ သွားမယူရသေး ပါဘူး။ နောက်ဆုံးလွှတ်တော်ခေါ်ရင်တော့ ကောင်းတာပေါ့၊ ဒါမှလည်း အခုကိုယ်စားလှယ်တွေနဲ့ နောက်တက်မယ့် ကိုယ်စားလှယ်တွေက ချိတ်ဆက်မိတာပေါ့“လို့ ပြောပါတယ်။

ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းက ကုန်ဆုံးတာမရှိသေးဘဲနဲ့ လွှတ်တော်ခေါ်ယူကျင်းပတာမရှိတဲ့အတွက်ကြောင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပဖို့ လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ဇန်နဝါရီ ၁၁ရက်နေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။

ကျောက်တံတားမြို့နယ် အမှတ်(၁) တိုင်းကိုယ်စားလှယ် ဒေါ်ကြည်ပြာကတော့ “ ရန်ကုန်တိုင်း လွှတ်တော်ကျင်းပဖို့အတွက် စုပေါင်းလက်မှတ်ထိုး တောင်းဆိုတာမျိုး တော့မရှိပါဘူး“လို့ ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ကတော့ ပြည်ထောင်စုလွှတ်တော်အထူးအစည်းကျင်းပရန် မလိုကြောင်းကို ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photo – ရန်ကုန်တိုင်းအစိုးရအဖွဲ့
#voiceofmyanmar #VOM #ရန်ကုန် #လွှတ်တော် #မေးခွန်းဖြေကြားမှု

Related posts

Leave a Comment

VOM News

FREE
VIEW