မိုးကုတ်အနောက်ပိုင်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ကျောက်တူးသမားတွေကို ဆက်ကြေးလာကောက်

ဇန္နဝါရီ ၁၄ -၂၀၂၁
ကိုတိုးကြီး(VOM)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အနောက်ပိုင်း ကျပ်ပြင် ၊ ဘော်မားရွာဘက်က ကျောက်တွင်းလုပ်ကွက်မှာ မနေ့ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဆက်ကြေး ကောက်ခံတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

‌” ကျင်းသား (ကျောက်တူးလုပ်သား) ၁ ယောက်ကို ၃ သောင်းနူန်းပေးရမယ်လို့တောင်းတယ် ၊ အရပ်ဝတ်နဲ့ လူ ၅ ယောက်က သေနတ်တွေကိုင်ထားတယ် ၊ ဘယ်အဖွဲ့အစည်းကဆိုတာတော့ သူတို့က ထုတ်ဖော်မပြောဘူး”လို့ ဆက်ကြေးကောက်တာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

ဆက်ကြေးကောက်ခံရတဲ့ ဘော်မား ကျောက်တူးဖော်ရေး လုပ်ကွက်မှာ ကျောက်တူးနေတဲ့ ကျင်း(တွင်း) ၇၀ ကျော်ရှိပြီး ကျောက်တူးလုပ်သား ၃၅၀ နဲ့ ၄၀၀ နီးပါး လုပ်ကိုင်နေတာ ဖြစ်တယ်လို့ ဒေသခံ ကျောက်တူးသူတွေပြောပြချက်အရ သိရပါတယ်။

” မိုးရာသီကုန်ပြီး နောက်ပိုင်း အခုလို ဆောင်းရာသီမှာ တချို့ကျင်း(တွင်း)က ညဆင်း ဆင်းကျတယ် ၊ အခုတော့ ဆက်ကြေးကောက်တာတွေ အဖွဲ့အစည်းတွေ ဝင်ထွက်နေတော့ ညဆင်း မဆင်းရဲတော့ဘူး ၊ နေ့ဘက်မှာတောင် အခြေအနေကြည့်ပြီး ကြောက်ကြောက်နဲ့ လုပ်နေရတာ “လို့ ဘော်မားရွာဒေသခံ ကျောက်တွင်းဆရာတစ်ဦးက ပြောပါတယ်။

ဘော်မား ကျောက်တွင်းလုပ်ကွက်တွေမှာ အရင်က ဆက်ကြေးကောက်ခံတာမရှိဘဲ သက်ဆိုင်ရာက အကူအညီလိုအပ်ရင် သူတို့ရဲ့အမာခံ လူကနေတဆင့် အကူအညီတောင်းခံတာတော့ ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက မိုးကုတ်မြို့ရှိ နာမည်ကြီး မုန့်တိုက်လုပ်ငန်းရှင်တစ်ယောက်ကိုလည်း လက်နက်ကိုင်အဖွဲ့ တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မိုးကုတ် #ကျောက်တူးသူ #လက်နက်ကိုင် #ဆက်ကြေးကောက်

Related posts

Leave a Comment

VOM News

FREE
VIEW