ကန်တော်ကြီးပတ်လမ်းမှာ ကားတစ်စီး အရှိန်လွန်တိမ်းမှောက် လူ နှစ်ဦးသေ၊နှစ်ဦးဒဏ်ရာရရှိ

ဇန်နဝါရီ ၁၅ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ တိရိစ္ဆာန်ရုံအနီးမှာ မနေ့ ဇန်နဝါရီ ၁၄ရက်ညပိုင်းက ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၄ဦးထဲက ၂ဦး ပွဲချင်းပြီးသေဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ HLT Foundationအဖွဲ့ဥက္ကဋ္ဌ ဦးဟန်လင်းထွန်းက VOMကိုပြောပါတယ်။

” သတင်းရတာကတော့ ည ၁၂နာရီလောက်မှာ သတင်းရတယ်။ ရောက်တဲ့အချိန် လမ်းပေါ်မှာ ၂ယောက်က ပွဲချင်းပြီးသေသွားတယ်။ ကားက ခေါင်မိုးတစ်ခုလုံးပွင့်ပြီး လူတွေက လမ်းပေါ် ပြုတ်ကျသွားတာ။ ကားပေါ်ကပြုတ်ကျပြီး လမ်းနဲ့ ခေါင်းနဲ့ သွားရိုက်မိတာ။ အဓိက ခေါင်းတွေထိပြီး သေသွားတာ”လို့ ဦးဟန်လင်းထွန်းကပြောပါတယ်။

ဒဏ်ရာရရှိသူနှစ်ဦးကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာ တစ်ဦးမှာ ခေါင်းကွဲဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဥက္ကဋ္ဌ ဦးဟန်လင်းထွန်းကပြောပါတယ်။

ကန်တော်ကြီးပတ်လမ်း ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗဟန်းမြို့မရဲစခန်းကို VOMက ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ “ယာဉ်တိုက်မှုနဲ့ပတ်သတ်ပြီး အရေးယူဆောင်ရွက်တာတော့ရှိပါတယ်၊ အမှုကိုတော့ ကုက္ကိုင်းယာဉ်တပ်ဖွဲ့စခန်းကိုင်တာပါ”လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကုက္ကိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့စခန်းကို VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Photo – HLT Foundation
#voiceofmyanmar #VOM #ရန်ကုန် #ကန်တော်ကြီးပတ်လမ်း #ယာဉ်တိမ်းမှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW